Birth Control Methods ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ
၁။ Pills ကိုယ်ဝန်တား စားဆေးများ
၂။ Depo Provera (ဒီပို) ထိုးဆေး
၃။ IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
၄။ Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
၅။ Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
ရ။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
၉။ Cervical Cap သားအိမ်ဝ အပိတ်
၁ဝ။ Diaphragm သားအိမ်ဝ အဖုံး
၁၁။ Sponge သုက်ပိုးသတ် ဆေးမြှုပ်
၁၂။ Spermicide သုက်ပိုးသတ်ဆေး
၁၃။ Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
၁၅။ Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
၁၆။ Combination injection နောက်ပေါ်ထိုးဆေးနည်း
၁၇။ Over 35 အသက်မငယ်သူများအတွက် ရွေးချယ်နည်း
၁၈။ How to decide ဘယ်လိုဆုံးဖြတ်မလဲ
. . . . . . . . . .
၁။ Birth Control Pill ကိုယ်ဝန်တား စားဆေးများ
အခြေခံအားဖြင့် (၃) မျိုးရှိတယ်။
က။ Combination pills (Estrogen + Progestin) ဟော်မုန်း နှစ်မျိုးတွဲဆေး၊
ခ။ Minipill (Progesterone) ဟော်မုန်းတမျိုးထဲဆေး နဲ့
ဂ။ Emergency contraceptive pill အရေးပေါ်တားဆေးတွေ ဖြစ်တယ်။
က။ Combination pills ဟော်မုန်း နှစ်မျိုးတွဲဆေးကနေ
(၁) မျိုးဥထွက်မှာကို တားပေးတယ်။
(၂) သားအိမ်ဝက ချွဲကိုလဲ စေးပျစ်စေလို့ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။
(၃) သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြုပြင်ပေးတယ်။ ဟော်မုန်း နှစ်မျိုးတွဲဆေးကို ၂၁ လုံးပါကပ် နဲ့ ၂၈ လုံးပါဆေးကပ်တွေနဲ့ရှိတယ်။ ၂၁ လုံးဆိုတာ ဟော်မုန်း ပါတာတွေချည်း ဖြစ်တယ်။ ကျန် ၇ လုံးမှာ ဟော်မုန်းမပါဘူး။ ၇ လုံးပိုထည့်ထားလို့ ၂၈ လုံးအကုန်မှာ နောက်ဆေးကပ်သစ် သောက်ဘို့ သိသာတယ်။ ၂၁ လုံးပါဆေးကပ် သောက်သူက ကြားထဲမှာ ၇ ရက်တိတိ နားထားရမယ်။
နေ့တိုင်း သောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ PID တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။
ဘေးထွက်-ဆိုးကျိုးတွေ = ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။ ဒီဆေးမျိုး မသုံးသင့်သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်း ရောဂါရှိသူတွေ၊ အသဲ မကောင်းသူတွေနဲ့ မသင့်ဘူး။
ခ။ Minipill (Progestin-Only) (မီနီ-ပီးလ်)
အားလုံး ၂၈ လုံးမှာ ဟော်မုန်းပါတယ်။ ကလေးနို့တိုက်နေသူတွေ၊ သွေးကြောပိတ်ဖြစ်သူတွေ၊ (အီစထိုဂျင်) မတည့်သူတွေ၊ အသက် ၃၅ နှစ် ကျော်သူတွေ၊ ဆေးလိပ်သောက်သူတွေ သုံးနိုင်တယ်။ သွေးတိုးရှိလဲ ဖြစ်တယ်။ (မိုင်ဂရင်း) ရောဂါရှိလဲ သောက်နိုင်တယ်။ ရာသီဆင်းတာ နည်းတယ်။ ရာသီလာလို့ နာတာသက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဟော်မုန်း ၂ မျိုးတွဲလောက် မထိရောက်လှဘူး။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်တယ်။ ဆေးသောက်ဘို့ တရက်မှ မေ့သွားလို့မရဘူး။ နေ့တိုင်း အချိန်တူမှာ သောက်သင့်တယ်။ ဘေးထွက်-ဆိုးကျိုးတွေက ဗိုက်နာတတ်တယ်။ အားယုတ်မယ်။ မျက်နှာနီမြန်းတာ၊ လိင်စိတ်နည်းတာ၊ ခေါင်းကိုက်၊ ပျို့၊ ခေါင်းမူး၊ အိပ်ရေးပျက်။
ဂ။ Emergency contraceptive pill အရေးပေါ်တားဆေး
ပဌမဆေးလုံးကို အကာကွယ်မဲ့ဆက်ဆံမှု ပြုပြီးတာနဲ့ မြန်မြန်သောက်ပါ။ နောက်ထပ် ၁၂ နာရီအကြာမှာ ဒုတိယ ဆေးလုံး သောက်ပါ။ ၇၂ (၃ ရက်) နာရီအတွင်းမှာ ပဌမဆေးလုံးသောက်တာနဲ့ ကာကွယ်နိုင်တယ်။ ၁၂ဝ နာရီ (၅ ရက်) အထိလဲ သုံးနိုင်ကြတယ်။ % မဆိုးပါ။
၂။ Depo Provera (ဒီပို) ထိုးဆေး
ကိုယ်ဝန်တား ၃ လခံထိုးဆေး Depo Provera ကို ဆေးစာနဲ့ အတိအကျ ပြောရရင် Depot medroxyprogesterone acetate (DMPA) လို့ ခေါ်တယ်။ (ပရိုဂျက်စ်တင်) ဟော်မုန်း တမျိုးထဲပါတယ်၊ 150mg ကို ၃ လ တခါ။ အသားဆေးထိုးရတယ်။
၃။ IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
• (တီ) ပုံသဏ္ဌာန် (ပလပ်စတစ်) ပစ္စည်းလေးဖြစ်တယ်။
• Copper IUD, ParaGard တွေကို ၃-၅-၁ဝ-၁၂ နှစ်အထိ ထည့်ထားနိုင်တယ်။
• ဟော်မုန်းပါတဲ့ Mirena က ၅ နှစ်တခါ လဲပေးရတယ်။
၄။ Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
• မီးခြစ်ဆံလောက်သာရှိတယ်။
• ကိုယ်ဝန်တား Depo-Provera ထိုးဆေးလိုဘဲ ဟော်မုန်းကို ထုတ်ပေးနေမယ်။
• ၃ နှစ်အထိထားနိုင်တယ်။
၅။ Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
• Orth- Evra patch ဆေးကပ်ခွါကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ်။
• တလ (၄ ပါတ်) မှာ ၃ ပါတ်ကို ကပ်ထားပြီး ၁ ပါတ် နားထားရတယ်။
• Birth control pill သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ်။
၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
ကိုယ်ဝန်တားနည်း အများကြီးရှိတဲ့အထဲက ပေါ်ပြူလာ အဖြစ်ဆုံးဟာ ယောက်ျားသုံး-ကွန်ဒွမ် ဖြစ်တယ်။ စျေးလဲမကြီး၊ ရှာလို့လဲ လွယ်တယ်။ ကိုယ်ဝန်တားဘို့သာ မဟုတ်ပါ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ဥပမာ AIDS and herpes ခုခံအားကျဆင်းရောဂါ နဲ့ လိင်လမ်း-ရေယုံ။ ဒီရည်ရွယ်ချက် ၂ ခုအတွက် အသေအခြာတော့ သုံးတတ်ဘို့ လိုပါမယ်။ တခုကို တခါတည်းအတွက်သာ သုံးရမယ်။ Latex (လေးတက်စ်) ရာဘာနဲ့ လုပ်တာကိုသာ သုံးပါ။
ရ။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
• (ပလပ်စတစ်) ပါးပါးလေးနဲ့လုပ်ထားတဲ့ အိတ်ငယ်လေးဖြစ်တယ်။
• Vagina (ဗဂျိုင်းနား) ထဲမှာ အလိုက်သင့်ထည့်ထားရတယ်။
• လိင်ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။
• (ကွန်ဒွမ်) ရာဘာနဲ့ မတည့်သူတွေသုံးနိုင်တယ်။
၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
• NuvaRing (ပလပ်စတစ်) အပြော့စား ကွင်းဝိုင်းလေးဖြစ်တယ်။
• Pill သောက်ဆေး နဲ့ Patch ဆေးကပ်ခွါတွေလို ဟော်မုန်းထုတ်ပေးနေမယ်။
• တစ်လတစ်ခါ လဲပေးရမယ်။
၉။ Cervical Cap သားအိမ်ဝ အပိတ်
• Diaphragm သားအိမ်ဝ အဖုံးနဲ့ သဘောတူပြီး သေးငယ်တယ်။
• FemCap ကို (ဗဂျိုင်းနား) ထဲကနေ အတွင်းနက်နက်မှာရှိတဲ့ သားအိမ်ဝကို ဖုံး-ပိတ်ပေးထားရတယ်။
• Spermicide သုတ်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။
၁ဝ။ Diaphragm သားအိမ်ဝ အဖုံး
• ရာဘာနဲ့လုပ်ထားတဲ့ ခပ်ခုံးခုံးလေးဖြစ်တယ်။
• သားအိမ်ဝကို ဆက်ဆံမှု မပြုခင်ဖုံးထားပေးရတယ်။
• သုတ်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။
၁၁။ Birth Control Sponge သုတ်ပိုးသတ် ဆေးမြှုပ်
• Today Sponge ထဲမှာ Spermicide foam သုက်ပိုးသတ်ဆေးပါတယ်။
• လိင်ဆက်ဆံမှုမပြုခင် ၂၄ နာရီကတည်းက ထည့်ထားနိုင်တယ်။
၁၂။ Spermicide သုက်ပိုးသတ်ဆေး
• Spermicide foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်) နဲ့ Film (ဖလင်) သုက်ပိုးသတ်ဆေးတွေ ရှိတယ်။
• (ဗဂျိုင်းနား) ထဲမှာ လိင်ဆက်ဆံမှုမပြုခင် ထည့်-လိမ်း-သုတ်ထားရတယ်။
• တချို့အမျိုးအစားကို မတိုင်ခင် ၃ဝ မိနစ်ကြိုတင်သုံးရတယ်။ တချို့က အဲလောက်စောင့်ဘို့မလိုဘူး။
၁၃။ Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
Calendar ပြက္ခဒိန်နည်းထက် ပိုတိကျတယ်။ မျိုးဥထွက်မဲ့ရက်ကို ကိုယ်အပူချိန် နေ့တိုင်း မနက်အိပ်ယာထမှာ တိုင်းပြီးသိမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်တန်းသဘောမျိုး လိုမယ်။
Fertility Awareness Method မျိုးပွါးနိုင်စွမ်းကို လေ့လာစောင့်ကြည့်နည်း
အမျိုးသမီးကိုယ်တိုင် လုပ်နိုင်တဲ့နည်း (၃) နည်းရှိတယ်။ ဒါပေမဲ့ အတန်အသင့် စိတ်ချရတာမို့ လိုအပ်ရင်သုံးနိုင်တဲ့ အရံအတားနည်း၊ အရေးပေါ်နည်းက အဆင်သင့်ရှိနေရမယ်။
(က) Basal body temperature အပူချိန်မှတ်သားခြင်း
မနက်အိပ်ရာက နိုးရင် ဘာတခုမှ မလုပ်သေးချိန်မှာ ကိုယ်အပူချိန် တိုင်းရတယ်။ လလည်ရက်မှာ မျိုးဥထွက်လို့ ကိုယ်အပူချိန် တက်တာက ဝ.၃ ကနေ ဝ.၆ ဒီဂရီ (ဆဲလ်စီးယပ်စ်) ရှိမယ်။ မျိုးဥမထွက်ခင်မှာ ကိုယ်အပူချိန်က 97° F (36.1° C) ကနေ 97.5°F (36.38° C) အထိ ရှိနေမယ်။ မျိုးဥထွက်လို့ တက်လာရင် 97.6° F (36.4 C) ကနေ 98.6° F (37° C) အထိ ဖြစ်လာမယ်။ မျိုးဥထွက်ပြီး ၁-၂ ရက်မှာ တက်လာတယ်။ မျိုးဥက သုက်ပိုးနဲ့ မတွေ့ရရင် ၂၄ နာရီသာ ရှင်နေလို့ အပူချိန်တက်ပြီး ၃ ရက်နောက်ပိုင်းမှာ ကိုယ်ဝန်ရဘို့မဖြစ်နိုင်တော့ဘူး။
(ခ) Cervical mucus သားအိမ်ဝက အချွဲကိုစစ်ဆေးနည်း
Cervix သားအိမ်ဝကို ကိုယ့်လက်ချောင်းနဲ့ စစ်ရတယ်။ ရာသီလာနေချိန်မှာ အကျိအချွဲ အနည်းဆုံးရက်တွေ ဖြစ်တယ်။ နောက်မှာ (အီစထိုဂျင်) ဟော်မုန်းကြောင့် သားအိမ်ဝက အချွဲပိုများလာတယ်။ ပိုပြီး ဆွဲဆန့်လို့ ရလာတယ်။ မျိုးဥထွက်ပြီး နောက်မှာ ထွက်လာတဲ့ (ပရိုဂျင်စတီရုံး) ဟော်မုန်းကြောင့် ခြောက်သွေ့လာမယ်။ ဒါ့ကြောင့် သားအိမ်ဝက အချွဲအများဆုံး အချိန်ရဲ့နောက် ၄ ရက်ကစပြီး ကိုယ်ဝန်မရစေနိုင်ဘူး။
(ဂ) Cervical position သားအိမ်ဝအခြေအနေ
Cervix သားအိမ်ဝဟာ မျိုးဥထွက်ခါနီးရင် ပိုပျော့လာမယ်။ ပိုပွင့်လာမယ်။
၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
ယောက်ျားကို ရာသက်ပန်ကလေးမရစေအောင် ခွဲစိတ်ဖြတ်တောက်နည်းဖြစ်တယ်။
၁၅။ Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
ကလေးမွေးပြီး၊ ၂ ပါတ် အတွင်းခွဲရင် ဆရာဝန် အတွက် ပိုလွယ်တယ်။ ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။ ၉၉့၅% ထိရောက်တယ်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်း ထိရောက်တယ်။ အားနည်းချက်တွေက ခွဲစိတ်တာခံရမယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။
၁၆။ Combination injection နောက်ပေါ်ထိုးဆေးနည်း
Medroxyprogesterone acetate (ပရိုဂျက်စတီရုံး) နဲ့ Estradiol cypionate (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးကို တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ စားဆေးတွေလိုဘဲ သတ္တိရှိတယ်။ ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင်ရတယ်။ ၉၉.၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တစ်နှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။ တစ်ခါထိုးပြီး နောက်တစ်ခါကို ၂၈-၃ဝ ရက်အကြာမှာထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။ Lunelle ဆေးစထိုးရင် ရာသီသွေးစဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊ ကိုယ်၀န်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊ ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊ ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊
၁၇။ Over 35 အသက်မငယ်သူများအတွက် ရွေးချယ်နည်း
• အသက် ၃၅ နှစ်ကျော်လာရင် သတိထားပြီး အကောင်းဆုံးနည်းကို ရွေးရမယ်။
• လူနေမှုပုံစံလဲ ပြောင်းသင့်တယ်။ ကိုယ်အလေးချိန် ထိန်း-လျှော့ပါ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ အရက်-ဆေးလိပ် လျှော့ပါ-ဖြတ်ပါ။
• ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကောင်းဆုံး သန္ဓေတားနည်းကို ရွေးချယ်ပါ။
၁၈။ How to decide ဘယ်လိုဆုံးဖြတ်မလဲ
(၁) ကိုယ်ဝန်တားနည်းများရဲ့ ထိရောက်မှု အများဆုံးနည်းတွေ
• အရေပြားအောက် ဆေးချောင်း၊ သားအိမ်ထဲထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်းများ၊ = 99%
• ထိုးဆေး၊ = 97%
• စားဆေး၊ (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• (ကွန်ဒွမ်)၊ သားအိမ်ဝအဖုံး-အပိတ်၊ ဆေးမြှုပ်၊ = 84-89%
• ဝေရာမဏိ = ၁ဝဝ%
(၂) ထိရောက်မှု အနည်းဆုံးနည်းတွေ
• အကာအကွယ် လုံးဝမသုံးခြင်း = 85%
• သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• နေ့ကောင်းရက်သာ ရွေးနည်း = 25%
• အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
Dr. တင့်ဆွေ
No comments:
Post a Comment