Saturday, 10 January 2015

မုန့်ဖက်ထုပ်ရောင်းပွဲ

***မဂ္ဂဇင်း ဝတ္ထု​တို​ကဏ္ဍ***photo_2015-01-11_11-22-32 copy.jpg

မုန့်​ဖက်​ထုပ်​ရောင်း​ပွဲ
---------------------
၁။
ရန်ကုန်မြို့​၏ လူ​နေ​ရပ်​ကွက်​များ​အကြား ည​ဖက်​လူခြေတိတ်​ချိန်​၌ တောင်း​တစ်​လုံး​ထမ်း​ပြီး သကြား​မုန့်​ဖက်​ထုပ်​ ရောင်း​သော​သူ​များ​ကို တွေ့​မြင်​ကြ​ပါ​လိမ့်​မည်။ သူ​တို့​ရောင်း​တာ​က သ​ကား​မုန့်​ဖက်​ထုပ် ဖြစ်​သည်။ ထန်းလျက်​ဖြင့် ယိုထိုး​ကာ ဌာပနာ​ထည့်​ထား​သော ထန်းလျက်​မုန့်​ဖက်​ထုပ်​မျိုး​ကို​တော့ ရန်ကုန်​မြို့ပေါ်​တွင် အတွေ့​ရ​နည်း​လိမ့်​မည်​ဟု ထင်​ပါ​သည်။ အတွေ့​ရ​နည်း​သော ထန်းလျက်​မုန့်​ဖက်​ထုပ်​မျိုး​ကို ကျွန်တော်​တစ်​ခါ​တစ်​လေ​မှာ ပြန်လည်​တွေ့​မြင်​မိ​သော​အခါ​တိုင်း တစ်​ချိန်​တုန်း​က မုန့်​ဖက်​ထုပ်​သည် ဖြစ်​ခဲ့​ဖူး​တာ​ကို ပြန်လည်​၍ အမှန်​ရမိ​သည်။ ကျွန်တော်၏ မုန့်​ဖက်​ထုပ်​သည် သက်​တမ်း​က တစ်​ရက်​တည်း​မျှ​သာ​ဖြစ်​သည်။ ဤ​အဖြစ်အပျက်​လေး​ကို ပြန်လည်​တွေး​ကြည့်​လိုက်​တော့ ပုံ​ရိပ်​တွေ​က မနေ့​တစ်​နေ့​က​လို နုပျို​လတ်ဆတ်​နေ​ဆဲ​ဖြစ်သော်​လည်း နှစ်​ပေါင်း​အား​ဖြင့် နှစ်⁠နှစ်​ဆယ်ကျော်​ခန့် ကြာ​မြင့်​ခဲ့​ပြီ ဖြစ်​ပါ​သည်။

၂။

ကျွန်တော်​တို့ ဇာတိ​မြို့​နယ်​ကလေး​က အိမ်​ခြေ ​သုံးထောင်​ခန့်​နီးပါး​ရှိ​ပါ​သည်။ အထက်​တန်း​ ကျောင်း​ကတော့ တစ်​ကျောင်း​တည်း​မျှ​သာ​ရှိ​ပြီး ကျောင်းသား​အရေအတွက်​နှင့် စာ​သင်​ခန်း မ​ဆံ့​သည့်​အတွက် နှစ်​ချိန်​ကျောင်း​အဖြစ် အသုတ်​နှစ်​သုတ် ခွဲ​ခြား​ထား​ရ​သည်။ သူငယ်​တန်း​မှ​သည် စတုတ္ထ​တန်း​အထိ နံနက်​ပိုင်း​တွင်​ကျောင်း​တတ်​ရ​ပြီး ပဉ္စမ​တန်း​မှ​သည် ဒသမ​တန်း​အထိ​က နေ့ခင်း​ပိုင်း​တွင် ကျောင်း​တတ်​ရ​သည်။ မူလ​တုန်း​ကတော့ ကျောင်း​၏ ပုံ​သဏ္ဌာန်​မှာ အင်္ဂလိပ်​အက္ခရာ "တီ" ပုံ​သဏ္ဌာန်​ရှိသော်​လည်း တ​ဖြည်း⁠ဖြည်း​နှင့် အဆောင်​များ တိုး​ချဲ့​ဆောက်​လုပ်​မှု​ကြောင့် "တီ" မှာ "အီး" ပုံ​သဏ္ဌာန်​သို့ ပြောင်းလဲ​သွား​သည်။ ကျောင်း​ခြံ​ဝန်း ပတ်​ပတ်လည်​မှာ ပင်လယ်​က​ဗွီး​ပင်​ကြီး​တွေ​ရှိ​တယ်။ ကျောင်း​တတ် ကျောင်း​ဆင်း တီး​ခတ်​သော​ခေါင်းလောင်း​က​လည်း တ​ကယ့်​ခေါင်းလောင်း​အစစ် မဟုတ်​ပေ။ ရေမြှုပ်​ဗုံး​အခွံ​ဟောင်း​ကြီး​ကို သံချောင်း​ဖြင့်​တီး​ခေါက်​ပြီး ထိုး​ခြင်း​မျှ​သာ​ဖြစ်​သည်။ ရေမြှုပ်​ဗုံး​အခွံ​ကို သံချောင်း​ဖြင့်​ခေါက်​ရာ​မှ ထွက်ပေါ်​လာ​သော အသံ​က တော်တော်​လေး ကျယ်​လောင်​၏။
             
ကျောင်း​မုန့်​ဈေး​တန်း​က​လည်း စုံလင်​လှ​သည်။ မုန့်​ဟင်းခါး​သည်၊ အသုပ်​စုံ​သည်။ မုန့်​စိမ်း​ပေါင်း​သည်၊ မုန့်​ဖက်​ထုပ်​သည်၊ ကောက်ညှင်း​ထုပ်​သည်၊ အကြော်​သည် စ​သည်​ဖြင့် မုန့်​သည်​တွေ​က စုံလင်​လှ​သည်။ မှတ်⁠မှတ်​ရ⁠ရ​ပြော​ရ​လျှင် မုန့်​ဟင်းခါး​သည် နှစ်​သည်​ရှိ​သည်။ ကို​ဝင်း​ရောင်း​သော မုန့်​ဟင်းခါး​နှင့် မ​စန်း​မြိုင်၊ မ​စန်း​မြ​တို့ ညီ​အစ်မ​ရောင်း​သော မုန့်​ဟင်းခါး​ပင်​ဖြစ်​သည်။ ကို​ဝင်း​ရောင်း​သော မုန့်​ဟင်းခါး​တိုင်း... "လာနော် ညီ​လေး​တို့၊ ညီမ​လေး​တို့ မုန့်​ဟင်းခါး​ပူပူ​လေး​ရ​မယ်။ မုန့်​ဟင်းခါး​က အေး​ရင် မ​ကေင်း​ဘူး။ ပူ​မှ​ကောင်း​တာ" ဟု​ပြော​ပြီး ရောင်း​လေ့​ရှိ​သည်။
          
ကို​ဝင်း ထို​ကဲ့သို့​ပြော​တိုင်း မ​စန်း​မြိုင် မ​စန်း​မြ​တို့​၏ မျက်နှာများ​မှာ ကွက်​က​နဲ ပျက်​သွား​ကြ​လေ့​ရှိ​၏။ အကြောင်း​ကတော့ မ​စန်း​မြိုင် မ​စန်း​မြ​တို့​၏ အမေ​နာမည်​မှာ ဒေါ်​အေး​ရင် ဖြစ်​သော​ကြောင့်​ပင်။

၁၉၈၈ အရေးအခင်းပြီးဆုံးသွားသည့်နောက်တွင် ကျောင်းမုန့်ဈေးတန်းသည် ကျီးနှင့်ဖုတ်ဖုတ် ဖြစ်သွားသည်။ မှတ်မှတ်ရရပြောရလျှင် ကျွန်တော် ၉ တန်းနှစ်ကဖြစ်ပါသည်။ ကျောင်းအုပ်ဆရာမကြီးက ကျောင်းခြံဝန်းထဲသို့ အပြင်ဈေးသည်များ ဝင်ရောက်ပြီးဈေးရောင်းလျှင် မလိုလားအပ်သော ပြဿနာ အနှောက်ယှက်များ ကြုံတွေ့မည်ကို စိုးရိမ်သောကြောင့် အပြင်ဈေးသည်များကို လုံးဝအဝင်မခံတော့ခြင်းဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးမလည်း အပျိုကြီးဖြစ်သည့်အပြင် ကျွန်တော်တို့နယ်ခံမဟုတ်ပေ။ ရန်ကုန်မြို့ပေါ်မှ ပြောင်းytuepg.jpg
ရွှေ့ တာဝန်ကျလာသော ဆရာမကြီးဖြစ်သည်။
ကျောင်းမုန့်ဈေးတန်း မရှိတော့သည့်အတွက် စားရေးသောက်ရေး အဆင်ပြေစေရန် ဆရာမကြီးကတော့ တစ်မျိုးတစ်ဖုံ စီစဉ်ပေးပါသည်။ ကျောင်းရှိအလယ်တန်းပြဆရာမများကို ဈေးရောင်းခိုင်းခြင်းပင်ဖြစ်ပါသည်။ သို့ရာတွင် ဆရာမများက မုန့်သည်များမဟုတ်သည့်အတွက် မည်သည့်မုန့်ကိုမှ အပင်ပန်းခံ၍ မလုပ်ပဲ အလွယ်တကူဝယ်ယူ၍ရနိုင်သော ဆီးထုပ်၊ အချဉ်ထုပ်၊ ပဲမုန့်၊ လမုန့်၊ ကရေကရာ၊ နေကြာစေ့၊ ပဲကြီးလှော်၊ ဓားလှီးမုန့် အစရှိသော မုန့်အခြောက်များကိုသာ ရောင်းသည်။ ထို့ကြောင့် မုန့်ဟင်းခါး၊ အသုပ်စုံစားနေကြ ကျွန်တော်တို့ပါးစပ်နှင့် ဆီးထုပ်မှိုတက်က ဘယ်လိုနည်းနှင့်မျှ အဆင်မပြေ။ သို့သော် မိဘဆရာအသင်း ညီလာခံလို အစည်းအဝေးမျိုးမှာ ဆရာမကြီးကို မုန့်ဈေးတန်းကိစ္စနှင့် ပတ်သက်ပြီး မည်သူကမှ တစ်ခွန်းတစ်ပါဒမဖွင့်ဟဟု ကျွန်တော်တို့ ကြားသိရ၏။
မုန့်စားကျောင်းဆင်းချိန်မှာ ကွင်းထဲသို့ ဘောလုံးဆင်းကန်လို့ ပြီးသည့်အချိန်တွင် ဗိုက်ကဆာလာတတ်သည်။ မုန့်ဟင်းခါးတစ်ပွဲ၊ အသုပ်စုံတစ်ပွဲလောက် စားလိုက်ရမှ အာလျပြေမည်ဖြစ်သော်လည်း ဆီးထုပ်မှိုတက်တစ်ထုပ်လောက်သာ စားရသောအခါ ဘယ်လိုနည်းနှင့်မျှ အဆင်မပြေ။ ထို့ကြောင့် သည်ကိစ္စကို ကျွန်တော့်သူငယ်ချင်း အေးဟန်နှင့် တိုင်ပင်ကြည့်သည်။
“အေးဟန် မင်း မုန့်စားဆင်းချိန်မှာ ဒီလိုမုန့်မျိုးတွေ၊ ဆီးထုပ်တွေကို စားရတာ စိတ်မပျက်ဘူးလား”
“ဇော်ထွန်းရာ စိတ်ပျက်လည်း ဘယ်တတ်နိုင်မှာလဲ၊ တစ်နေ့နေ့တော့ ဒီဝဋ်က ကျွတ်မှာပါ”
“အေးကွာ ဆယ်တန်းရောက်ရင်လည်း ဒီတိုင်းဆို ခက်ပါတယ်ကွာ”
“မင်းက ဘယ်လိုလုပ်ချင်လို့လဲ” ဟု အေးဟန်က ကျွန်တော့်ကိုမေးပါသည်။
“ငါတို့တစ်ရက်လောက် ထန်းလျက်မုန့်ဖက်ထုပ်ရောင်းကြည့်ရင် ကောင်းမလားလို့” ဟု ကျွန်တော်က အကြံပြုလိုက်တော့ ..
“မင်းမှာ ပိုက်ဆံရှိလို့လား”
“အေးကွာ တို့တတွေ ပိုက်ဆံစုကြည့်ကြတာပေါ့”

ထို့နောက် ကျွန်တော်နှင့် အေးဟန်တို့ နှစ်ယောက်ဦးစီးပြီး ကိုးတန်းဝိဇ္ဇာခန်းထဲရှိသူများကို စည်းရုံးလိုက်တော့ ကျောင်းသားတွေက ပိုက်ဆံထည့်ကြသည်။ ကျောင်းသူတွေကတော့ “နင်တို့ဘာသာ နင်တို့ပဲလုပ်ကြ၊ ငါတို့ကြောက်တယ်” ဟု ပြောကြသည်။ ထို့နောက် ကိုးတန်း သိပ္ပံခန်းထဲသို့ သွားရောက်စည်းရုံးတော့ ယောက်ျားလေးတစ်ချို့က ပိုက်ဆံထည့်ကြသည်။ မိန်းကလေးတွေကတော့ မပါ။ ကျွန်တော်နှင့် အေးဟန် ပိုက်ဆံစုပြီး မုန့်ဖက်ထုပ်ရောင်းဖို့ကိစ္စကို ဆယ်တန်းရှိ ကျောင်းသားကြီးတွေက သိသောအခါ
“ညီလေးတို့၊ အစ်ကိုတို့လည်း အားပေးတယ်။ အစ်ကိုတို့ဝယ်စားမှာပေါ့။ လုပ်ဖြစ်အောင်သာ လုပ်ကြကွာ” ဆိုပြီး နှုတ်၏စောင်မခြင့်ဖြင့် အားပေးကြသည်။

၄။
    သို့ဖြင့် ကျွန်တော်တို့လက်ထဲမှာ မုန့်ဖက်ထုပ်ဝယ်ဖို့ အရင်းအနှီးထိုက်သလောက်ရရှိသွားပြီး တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ဈေးရောင်းရမည့်နေ့မှာ အေးဟန်နှင့် ကျွန်တော် နှစ်ယောက်သာရှိသည်။ ပိုက်ဆံထည့်ဝင်သူများကလည်း နောက်ကွယ်မှသာ နေချင်သည်။ ရှေ့ထွက်ပြီး ဈေးရောင်းဖို့ကျတော့ ဝန်လေးနေကြသည်။ ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်ပဲ အစီအစဉ် ဆွဲရတော့သည်။ မုန့်ဖက်ထုပ်သည် အဒေါ်ကြီးကို မုန့်စားဆင်းချိန်မတိုင်ခင်မှာ ကျောင်းနောက်ဖေးပေါက်မှနေ၍ ထန်းလျက်မုန့်ဖက်ထုပ် အထုပ်တစ်ရာခန့်ကို လာပို့ရန် မှာကြားထားသည်။ အဒေါ်ကြီးက မုန့်စားကျောင်းမဆင်းခင် ဆယ့်ငါးမိနစ်လောက်ကတည်းက မုန့်ဖက်ထုပ်တောင်းရွက်ပြီး ကျောင်းနောက်ဖေးပေါက် အပြင်ဘက်ရှိ ကုက္ကိုပင်ကြီးအောက်မှာ ကြိုစောင့်နေသည်။
    အဲ့သည့်နေ့က မုန့်စားကျောင်းဆင်းခါနီး ဆယ်မိနစ်အလိုမှာ အပေါ့သွားချင်သည်ဟူသော အကြောင်းပြချက်ဖြင့် ကျောင်းခန်းထဲမှ ထွက်လာခဲ့သည်။ ကျွန်တော် ကျောင်းနောက်ဖေးပေါက်သို့ရောက်တော့ အဒေါ်ကြီး၏ မုန့်ဖက်ထုပ်တောင်းကို ကျွန်တော့်ဆီသို့ လက်ဆင့်ကမ်းပေး၏။ ကျွန်တော်က အဒေါ်ကြီးအား မုန့်ဖက်ထုပ် ၅၀ ဖိုးကိုပဲ ရှင်းပေးနိုင်သေးသည်။ ကျန်အထုပ် ၅၀ဖိုးကိုတော့ ရောင်းပြီးမှပဲ ရှင်းပေးမည်ဟုပြောတာ့ အဒေါ်ကြီးက သဘောတူသည်။ ထို့နောက် ကျွန်တော် မုန့်စားဆင်းခေါင်းလောင်းသံနှင့် ချိန်ကိုက်ကာ မုန့်ဖက်ထုပ်တောင်းသယ်လာပြီး ကျောင်းထဲသို့ဝင်လာခဲ့သည်။ အေးဟန်က စည်းရုံးရေး ဆင်းနင့်ပြီးသား။

    “မုန့်ဖက်ထုပ် ပူပူလေးရမယ်… မုန့်ဖက်ထုပ် ပူပူလေးရမယ်” ဟု ဈေးသည်တစ်ဦးလို အော်ဟစ်ပြီး မရောင်းသော်လည်း အချင်းချင်း တိတ်တိတ်ဆိတ်ဆိတ် ဝယ်စားကြသဖြင့် မုန့်ဖက်ထုပ်တစ်ရာမှာ ဆယ့်ငါးမိနစ်အတွင်း၌ ပြိုက်ခနဲကုန်သွားသည်။ ထို့ပြင် ကျွန်တော် ဈေးရောင်းသည့်နေရာကလည်း ဆရာမတွေ ဆီးထုပ်ရောင်းသောနေရာနှင့် မလှမ်းမကမ်းမှာ ဖြစ်သည်။ ကျောင်းသား ကျောင်းသူတွေက မုန့်ဖက်ထုပ်ကိုသာ ဝယ်စားကြသောကြောင့် ဆီးထုပ်ရောင်းလိုအား ကျဆင်းသွားသည်။

    မုန့်ဖက်ထုပ်တောင်းက ဆယ့်ငါးမိနစ်အတွင်းမှာ ကုန်သွားသော်လည်း ပြဿနာ စတင်တော့သည်။ မုန့်စားကျောင်းတတ်ပြီးလို့ နာရီဝက်ခန့်အကြာမှာ ကျွန်တော်နှင့် အေးဟန်ကို သူ့ရုံးခန်းသို့ လာခဲ့ပါဟူ၍ ကျောင်းအုပ်ဆရာမကြီးက ဆင့်ခေါ်ခြင်းဖြစ်သောကြောင့် ဘာသာရပ်သင် ဆရာမကလည်း ခွင့်ပြုလိုက်ရသည်။ ဘာကြောင့် ဆင့်ခေါ်ရသလဲဆိုတာကို ကျွန်တော်တို့ သိနှင့်ပြီးသား၊ ကျောင်းရှိ ဆရာ ၊ ဆရာမတွေ အကုန်မသိကြသေး။ မုန့်ရောင်းသော ဆရာမအချို့သာ သိသည်။ ကျောင်းအုပ်ဆရာမကြီး၏ ရှေ့မှောက်ရောက်သောအခါ ကျွန်တော်တို့နှစ်ယောက် လက်ပိုက်ပြီး မတ်တတ်ရပ်လိုက်ကြသည်။ ဦးခေါင်းကိုတော့ မငုံ့ပဲ သာမန်အနေအထားဖြင့်သာ ရပ်နေကြ၏။ ဆရာမကြီးက မေးသည်။

“မင်းတို့နှစ်ယောက်ရဲ့အပြစ်ကို မင်းတို့သိရဲလား”
“မသိပါဘူး ဆရာကကြီး” ကျွန်တော်တို့ တိုင်ပင်ထားသည့်အလား ညီတူဖြေလိုက်ကြသည်။
“မင်းတို့မသိရင် ဆရာမကြီး ရှင်းပြမယ်။ ကျောင်းသားဆိုတာ မုန့်မရောင်းရဘူး။ မင်းတို့အခု မုန့်ဖက်ထုပ်ရောင်းတယ်လို့ ဆရာကကြီးကြားတယ်။ မင်းတို့က ဘာလဲ အခုကတည်းက ပညာတတ်ဖြစ်ဖို့ မကြိုးစားဘဲ ဈေးသည်လုပ်ဖို့ ကျင့်နေတာလား”
ဆရာကကြီး၏ မျက်နှာရိပ် မျက်နှာကဲကို ကျွန်တော်တို့ အကဲခက်လိုက်တော့ သူ့မျက်နှာမှာ ဒေါသထွက်ခြင်းမရှိဘဲ၊ ပကတိတည်ငြိမ်နေ၏။ ထို့ကြောင့် ကျွန်တော်က အရဲစွန့်ပြီး …

“ဆရာမကြီး၊ ကျွန်တော့်ကို တစ်ခုလောက် မေးခွင့်ပြုပါ”
“မင်းကဘာမေးချင်လို့လဲ မေးပါ”
“ကျောင်းသားမုန့်မရောင်းရရင် ဆရာမတွေကရော မုန့်ရောင်းခွင့်ရှိသလားဆိုတာ ကျွန်တော်သိချင်လို့ပါ”
ကျွန်တော်၏ မေးခွန်းကြောင့် ဆရာမကြီး၏မျက်နှာမှာ ပြုံးရောင်သဲ့သဲ့ သမ်းသွားသည်။
“မင်းရဲ့စကားကို ဆရာမကြီး မဖြေနိုင်ဘူး။ ဆရာမကြီးရဲ့ မေးခွန်းကိုပဲ မင်းတို့ဖြေရမယ်။ မင်းတို့ မုန့်ဖက်ထုပ်ရောင်းတာ ဘယ်လောက်မြတ်လဲ”
“ရှုံးပါတယ် ဆရာမကြီး”
“ဟင်.. ဘာဖြစ်လို့”
“ကျွန်တော်တို့က တစ်ထုပ်ကို ငါးမူးနဲ့ဝယ်ပြီး တစ်ကျပ်ဖိုး သုံးထုပ်နဲ့ ပြန်ရောင်းလို့ ရှုံးတာပါ”
“ဪ ၊ အရှုံးခံပြီး ဈေးရောင်းတဲ့ ကောင်လေးတွေပဲ။ မင်းတို့ဘာဖြစ်လို့ မုန့်ဖက်ထုပ်ကို အရှုံးခံပြီး ရောင်းရတယ်ဆိုတာ ဆရာမကြီးကို  ခိုင်လှုံတဲ့အကြောင်းပြချက်ပေး။  ပေးနိုင်ရင် မင်းတို့ မိဘတွေကိုမ ခေါ်ဘူး”
ထိုအခါ အေးဟန်နှင့်ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ အေးဟန်က အရဲစွန့်ပြီး၊
“ဒီလိုပါ ဆရာမကြီး၊ ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေဟာ ဆရာမတွေရောင်းတဲ့ ဆီးထုပ်တို့ ၊ အချဉ်ထုပ်တို့ ၊ ဓားလှီးမုန့်တို့လို မုန့်မျိုးတွေကို မုန့်စားကျောင်းလွှတ်ချိန်မှာ စားရတာအဆင်မပြေပါဘူး အဲ့ဒီတော့  ဆီးထုပ်မှိုတက်ထက်စာရင် မုန့်ဖက်ထုပ် ပူပူနွေးနွေးကို တစ်ရက်တလေလောက် စားလိုက်ရင် ကျောင်းသားတွေအတွက် အကျိုးရှိမယ်ထင်လို့ အရှုံးခံပြီး ရောင်းတာပါ။
ဆရာမကြီးက တစ်ချက်ပြုံးလိုက်သည်။ ထို့နောက်
“မင်းက စကားတော်တော်တတ်ပါလား ၊ နေစမ်းပါဦး ဒီကိစ္စမှာ မင်းတို့နှစ်ယောက်တည်းပဲလား။ နောက်ပြီး ဘယ်သူတွေပါသေးလဲ”
ထိုအခါ ကျွန်တော်က မဆိုင်းမတွ ပြန်ဖြေပေးလိုက်သည်။
“ကျွန်တော်တို့ နှစ်ယေက်တည်းပါ။ ဘယ်သူမှ မပါပါဘူး”
“ကဲ ဒါဆိုရင် မင်းတို့ပြောတဲ့ စကားတွေအပေါ်မှာ ဆရာမကြီး စဉ်းစားလိုက်ဦးမယ်။ လောလောဆယ် ကိုယ့် အခန်း ကိုယ်ပြန်ကြ၊ နောက်တစ်ခေါက်ဈေးရောင်းရင် မင်းတို့ကို ကျောင်းထုတ်ပစ်မယ်။  စာကိုသာ ကြိုးစားကြ”
“ဟုတ်ကဲ့ပါ ဆရာမကြီး” ဟု ကျွန်တော်တို့ ဝန်ခံကတိ ပြုလိုက်ကြသည်။

၅။
    နောက်တစ်ပတ်ကြာသောအခါ ကျောင်းဆရာမကြီးက မိဘဆရာအသင်း လူကြီးများကို အစည်းအဝေး ဆင့်ခေါ်သည်။ ကျောင်းမုန့်ဈေးတန်းတွင် အပြင်ဈေးသည်များ လာရောက်ရောင်းချခြင်းနှင့် ပတ်သက်ပြီး လူကြီးများနှင့် တိုင်ပင်ညှိနှိုင်းသည်။ ထို့နောက် လူကြီးများ၏ ထောက်ခံချက်ရရှိသော ဈေးသည်များ ကျောင်းမုန့်ဈေးတန်းသို့  ရောက်ရှိလာကြပြီး မုန့်ဈေးတန်းသည်လည်း စိုစိုပြေပြေ ဖြစ်သွားသည်။ ဆရာမတွေလည်း အလုပ်ရှုပ်ခံပြီး ဈေးရောင်းစရာ မလိုတော့ပေ။

***

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့်မှာ ကျွန်တော်တို့၏ကျောင်းထဲမှ ရွက်ပုန်းသီး ဈေးရောင်းပွဲလေးကို ပြန်တွေးမိလိုက်တိုင်း ရယ်ချင်နေမိသည်။ ကျွန်တော်တို့ အရှုံးခံပြီး မုန့်ဖက်ထုပ်ရောင်းမှုကြောင့် ကျောင်းမုန့်ဈေးတန်း ပြန်ဖွင့်လိုက်သဖြင့် ကျောင်းသား ကျေားသူများ အဆင်ပြေသွားခဲ့သည်။ ဤသည်ကပင် အသေးစား ကျောင်းတွင်း ဒီမိုကရေစီ လှုပ်ရှားမှုကလေးဟုလည်း ကျွန်တော် ကြီးကြီးကျယ်ကျယ် တွေးမိပါသေးသည်။ ထို့ပြင် ကျွန်တော်တို့၏ ပြောစကားအပေါ်မှာ ဗီတိုအာဏာသုံး၍ ပယ်ချခြင်းမပြုပဲ ရှေ့နောက်တိုင်းထွာ၊ ဝေဖန်ဆန်းစစ်သော လူကြီးစိတ်ဓါတ် အပြည့်ရှိသည့် ကျောင်းအုပ်ဆရာမကြီးကိုလည်း  ကျွန်တော် လေးစားမိသည်။ ဆရာမကြီး သက်တော်ရာကျော် ရှည်ပါစေဟုလည်း ဆုတောင်းမိပါသည်။

------
နိုင်မြင့်

Thursday, 8 January 2015

၉၀-၁၀ နိယာမ

၉ဝ-၁ဝ နိယာမ
------------------

၉ဝ-၁ဝ နိယာမက သင့်ဘဝကို ပြောင်းလဲလိမ့်မယ်။ (အနည်းဆုံးတော့ သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲလိမ့်မယ်)

၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ...

ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ် မူတည်တယ်။

ဒါ ဘာအဓိပ္ပာယ်လဲ... ကံကြမ္မာကြောင့်ဖြစ်လာတဲ့ ၁ဝ%ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။

ကားပျက်တာ၊ လေယာဉ်နောက်ကျတာ၊ ကားပိတ်ဆို့တာတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် ကျန်တဲ့ ၉ဝ%ကိုတော့ ကျွန်တော်တို့ဆုံးဖြတ်နိုင်တယ်။

ဘယ်လိုဆုံးဖြတ်မလဲ... သင့်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ မူတည်ပါတယ်။

ကားမီးနီသွားတာကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့တုံ့ပြန်မှုကို သင်ထိန်းချုပ်နိုင်ပါတယ်။ တခြားသူ အရူးလုပ်တာကို မခံပါနဲ့။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သင်ထိန်းချုပ်နိုင်ပါတယ်။

ဥပမာတစ်ခုပြရရင်....

သင်နဲ့ သင့်မိသားစု မနက်စာစားနေတယ်။ သင့် သမီးငယ်က ကော်ဖီခွက်ကို သင့်အင်္ကျီအပေါ် မတော်တဆလောင်းမိတယ်။ ဒါက သင်မထိန်းချုပ်နိုင်တဲ့ အဖြစ်တစ်ခုဖြစ်တယ်။ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာက သင့်ရဲ့တုံ့ပြန်မှုပေါ်မှာ မူတည်တယ်။

သင် စဆူပြီ.... သမီးကို သင်ဆူဆဲပစ်လိုက်တယ်။ သမီး ငိုယိုတော့တယ်။ အဲဒီနောက် သမီးကိုဆူဆဲနေရာက မြှားဦးကို ဇနီးဖက် သင်လှည့်လိုက်တယ်။ ကော်ဖီခွက်ကို စားပွဲစွန်းမှာတင်ထားခဲ့လို့ဆိုပြီး သင်ဆူဆဲတယ်။ တစ်ဆက်တည်းမှာ အပြန်အလှန် အဆူအဆဲစစ်ပွဲလေး စတင်တော့တယ်။ သင် ဒေါသထွက်ထွက်နဲ့ အပေါ်ထပ်တက် အဝတ်အစားလဲတယ်။ အောက်ထပ်ပြန်ရောက်တော့ သမီးက ငိုငိုယိုယိုနဲ့ မနက်စာဆက်စားပြီး ကျောင်းသွားဖို့ အမြန်ပြင်တယ်။ ဒါပေမဲ့ ဘတ်စ်ကားက ထွက်သွားခဲ့ပြီ...

သင့်ဇနီးကလည်း အလုပ်ကို အမြန်ထွက်သွားတယ်။ သင်လည်း သမီးကို ကျောင်းပြေးပို့ရတယ်။ သင်ရုံး နောက်ကျမှာစိုးလို့ တစ်နာရီ မိုင်၃ဝပဲ မောင်းရတဲ့လမ်းမှာ သင် ၄ဝ နဲ့မောင်းတယ်။ ကားအမြန်မောင်းလို့ သင်ဒဏ်ငွေရိုက်ခံရတယ်။ အဲဒီလိုနဲ့ ကျောင်းရောက်တော့ ၁၅မိနစ်နောက်ကျနေခဲ့ပြီ။ သင့်သမီးက သင့်ကို နှုတ်တောင်မဆက်နိုင်ဘဲ အတန်းထဲပြေးဝင်သွားတယ်။ သင့်ရုံး ရောက်တော့ ၉နာရီ မိနစ်၂ဝရှိနေပြီ။ ရုံး ရောက်မှ သင့်လက်ဆွဲအိတ်မေ့ကျန်တာကို သတိရတယ်။ ဒါဟာ တကယ့်ဆိုးရွားတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ဒီကနေ့ ကံမကောင်းပါလားဆိုပြီး အိမ်ကိုပဲ သင်ပြန်ချင်နေလိမ့်မယ်။ အိမ်ပြန်ရောက်တော့လည်း သင်နဲ့ ဇနီး၊ သမီးရဲ့ ဆက်ဆံရေးက အက်ကြောင်းလေးထနေလိမ့်မယ်။

ဒါ.. ဘာကြောင့်လဲ..
အရာအားလုံးက မနက်ပိုင်းမှာ သင်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်ချက်တွေကြောင့်ဖြစ်တယ်။

ဒီလို ဆိုးရွားတဲ့နေ့တစ်နေ့ ဘာဖြစ်လို့ ဖြစ်ခဲ့ရသလဲ

(၁) ကော်ဖီကြောင့်
(၂) သင့်သမီးကြောင့်
(၃) ယာဉ်ထိန်းရဲကြောင့်
(၄) သင့်ကြောင့်

အဖြေက နံပါတ် (၄)ဖြစ်ပါတယ်။

သမီး ကော်ဖီမှောက်လိုက်တဲ့ကိစ္စကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီကိစ္စအတွက် ၅စက္ကန့်အတွင်း သင်တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုက သင့်ရဲ့ကံမကောင်းတဲ့နေ့ကို စတင်ခဲ့တာပါပဲ.....

အောက်ကစာက သင့်ကံကြမ္မာကို သင်ပြောင်းရေးတဲ့ရလာဒ်ဖြစ်တယ်။

သင့်ကိုယ်ပေါ် ကော်ဖီမှောက်သွားတယ်။ သင့်သမီး ငိုမဲ့မဲ့ဖြစ်နေတယ်။ ဒါကို သင်က နူးနူးညံ့ညံ့နဲ့ "သမီး.. ဘာမှမဖြစ်ဘူး.. နောက်တစ်ခါဆိုရင် သတိထားပေါ့" လို့ ပြောပြီး တဘက်ယူပြီး အပေါ်ထပ်တက်သွားတယ်။ အဝတ်အစားလဲပြီး ရုံးသွားဖို့ သင်အောက်ထပ်ဆင်းလာတယ်။ ပြတင်းပေါက်အပြင်ဖက် သင်လှမ်းကြည့်တော့ သင့်သမီးက ဘတ်စကားပေါ်ရောက်နေပြီး သင့်ကို လက်ပြနှုတ်ဆက်နေတယ်။ ရုံးကို သင် ငါးမိနစ်စောရောက်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေကို သင် ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။ ပျော်ရွှင်ခြင်းနဲ့စတဲ့ သင့်ရဲ့နေ့သစ်တစ်နေ့တာကို သင့်အထက်လူကြီးက ကောင်းတဲ့မှတ်ချက်ပေးတယ်။

မတူတဲ့ခြားနားချက်ကို သင်သတိထားမိပြီလား၊

အစတူပြီး အဆုံးမတူတဲ့ ခြားနားချက်နှစ်ခုက ဘာကြောင့်ဖြစ်ရတာလဲ၊
သင့်တုံ့ပြန်ချက်ကြောင့်ဖြစ်တယ်။

ကံကြမ္မာကြောင့်ဖြစ်တဲ့ ၁ဝ%ကို သင်ထိန်းချုပ်နိုင်ချင်မှ ထိန်းချုပ်နိုင်လိမ့်မယ်။ ကျန်တဲ့ ၉ဝ%ကိုတော့ သင်တုံ့ပြန်မှုပေါ် အဆုံးအဖြတ်ပေးလိမ့်မယ်။

၉ဝ-၁ဝ နိယာမရဲ့ လက်တွေ့အသုံးပြုပုံတချို့ကို တင်ပြလိုက်ပါတယ်။

တကယ်လို့ လူတွေက သင်ကို မဟုတ်မမှန်ကြောင်းပြောရင် "ရေမြှုပ်တုံး"တစ်တုံးအဖြစ် မခံပါနဲ့။ သင့်ကို ထိခိုက်၊ တိုက်ခိုက်လာတဲ့စကားတွေကို ဖန်ထည်ပေါ်ကရေတွေလို စီးဆင်းသွားပါစေ။ အပျက်သဘောဆောင်ဝေဖန်ချက်တွေ သင့်ကို မရစ်နှောင်ပါစေနဲ့။

သင့်တင့်တဲ့တုံ့ပြန်မှုက သင့်နေ့ရက်တွေကို မပျက်စီးစေပါဘူး။ မှားယွင်းတဲ့တုံ့ပြန်မှုက သင့်ကို သူငယ်ချင်းမိတ်ဆွေ ဆုံးရှုံးစေတယ်၊ ဒေါသထွက်စေတယ်၊ စိတ်ဖိအားများပြီး အသက်ရှူ မွန်းကြပ်စေပါတယ်။

တကယ်လို့ လမ်းမှာ မော်တော်ကား ပိတ်ဆို့မှုတွေဖြစ်ရင် သင်ဘယ်လို တုံ့ပြန်မလဲ။
စိတ်တိုဒေါသထွက်မလား၊
စတီယာရင်ကို တဒုန်းဒုန်းထုမလား၊
ကျွန်တော့်မိတ်ဆွေတစ်ဦးက စတီယာရင် ပြုတ်ကျတဲ့အထိဖြစ်ဖူးတယ်။
သင် ဆဲဆိုမလား၊
သွေးတွေ ငယ်ထိပ်အထိ ထိုးတက်သွားမလား၊
တခြားကားကို တိုက်ပစ်ဖို့ စိတ်ကူးလား၊

ရုံးချိန် ၁ဝစက္ကန့်လေး နောက်ကျတာကို ဘယ်သူက သင့်ကိုဆူပူမှာလဲ၊ ပိတ်နေတဲ့ကားတွေကြောင့် သင်ရဲ့ စနစ်တကျမောင်းနှင်မှုကို ဘာကြောင့် ပျက်စီးစေမလဲ၊

စိတ်မပူပါနဲ့.... ၉ဝ-၁ဝ နိယာမကို သတိရလိုက်ပါ။

သင့်ကိုအလုပ်ဖြုတ်လိုက်ကြောင်း အကြောင်းကြားလိုက်ပြီ။
အိပ်မပျော်တာနဲ့ ဘာဖြစ်လို့ စိတ်တိုဒေါသထွက်ရမလဲ၊
ဖြစ်ပြီးနေတဲ့အရာပေါ် စိတ်တိုဒေါသထွက်နေမယ့်အစား အဲဒီအရာပေါ် သုံးဖြုန်းမယ့်အင်အားနဲ့အချိန်ကို တခြားအလုပ်သစ် ရှာဖွေဖို့ဆီ အာရုံလဲွှထားလိုက်ပါ!

လေယာဉ်နောက်ကျမှထွက်မယ်။ သင့်အစီအစဉ်ဆွဲထားတဲ့ ခရီးစဉ်တွေ ကမောက်ကမဖြစ်တော့မယ်။ ဘာဖြစ်လို့ သင့်ဒေါသ၊ သင့်မကျေနပ်ချက်တွေကို ဝန်ထမ်းတွေအပေါ် စုပြုံရမလဲ၊ အဖြစ်အပျက် မဖြစ်ပျက်ဖို့ သူတို့ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။

အဲဒီဒေါသ၊ မကျေမနပ်ရေရွတ်နေမယ့်အစား စာဖတ်နေလိုက်မယ်၊ ဒါမှမဟုတ် ခရီးသွားအချင်းချင်း မိတ်ဖွဲ့မယ်။ ဒေါသထွက်၊ စိတ်တိုတာက သင်ရဲ့တနေ့တာကို ပိုဆိုးစေပါတယ်။

၉ဝ-၁ဝ နိယာမကို သင်နားလည်သွားပြီဆိုရင် အခုပဲ လက်တွေ့အသုံးပြုလိုက်ပါ။ ထူးဆန်းအံ့သြတဲ့ ရလာဒ်ကို သင်ခံစားရပါလိမ့်မယ်။ အသုံးပြုလိုက်ခြင်းအားဖြင့် သင့်ကို ဘာမှ မဆုံးရှုံး၊ မနစ်နာစေပါဘူး။ ၉ဝ-၁ဝ နိယာမက မယုံနိုင်အောင် အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ဒါကို လူနည်းစုလောက်ပဲ အသုံးပြုဖို့ နားလည်ကြတယ်။

သန်းပေါင်းများစွာသောလူတွေက နာကျင်ခြင်း၊ အစမ်းခံခြင်း၊ ပြဿနာနဲ့ ကြေကွဲခြင်းတွေထဲ နစ်ဝင်နေကြတယ်။ ဒါကြောင့် ၉ဝ-၁ဝ နိယာမကို ကျွန်တော်တို့ နားလည်ပြီး လက်တွေ့ကျကျ အသုံးပြုဖို့ လိုအပ်တယ်။

ဒီနိယာမက သင့်ဘဝတစ်သက်ကို ပြောင်းလဲနိုင်ပါတယ်။

လောကမှာ ၈ဝ%သော ဥစ္စာပစ္စည်းတွေကို ၂ဝ%သော လူတွေက ရှာဖွေပိုင်ဆိုင်လိုက်ပြီ။ ကျန်တဲ့ ၂ဝ%သော ဥစ္စာပစ္စည်းတွေကို ၈ဝ%သော လူတွေက လုယှက်နေကြတယ်။ နေ့တိုင်း ၈ဝ%သောလူတွေက သူရ ငါရနဲ့ လုနေကြပေမယ့် မရောင့်ရဲ၊ မတင်းတိမ်နိုင်ကြဘူး။ သူတို့က ၂ဝ%သော ဥစ္စာပစ္စည်းထဲမှာပဲ တဝဲဝဲလည်နေလို့ဖြစ်တယ်။ သင် ဘယ်လောက် လုနိုင်လိမ့်မလဲ။

၉ဝ-၁ဝနိယာမကို  စတင်အသုံးပြုလိုက်ပါ။
  ဒီလိုမှမဟုတ်ရင် မပျော်ရွှင်တဲ့နေ့ရက်ထဲ သင်ထာဝရ နစ်မွန်းနေပါလိမ့်မယ်။
----

မူရင်းရေးသားသူ--- Stephen Covey (Discover The 90/10 Principle)

နိုင်းနိုင်းစနေ (Friday, May 13, 2011)