ဆူရှီ
နတ်မှူး
ဒီဇာတ်လမ်းကို မပြောပြခင် ကြိုပြောထားချင်တာက ဒီဇာတ်လမ်းမှာပါတဲ့ အကြောင်းအရာတွေကို ခင်ဗျားအနေနဲ့ ယုံချင်မှ ယုံနိုင်တယ် ဆိုတဲ့စကားပါပဲ။ ကျွန်တော့်နာမည်က ဒေါက်တာသက်နောင်တဲ့။ မှုခင်းဆရာဝန်တစ်ယောက်ပေါ့ ။ ကျွန်တော်ဆေးကျောင်းတတ်တော့ နောက်ဆုံးနှစ်မှာ မှုခင်းဆိုင်ရာ ဆေးပညာ (Forensic Medicine) ကို သင်ယူရတယ်။ လက်တွေ့သင်တန်းဆင်းတော့ ဆေးရုံက လူသေတွေ ထားတဲ့ အခန်းထဲကို သွားရတယ်။ အသတ်ခံရတဲ့ အလောင်း၊ မီးလောင်ခံရတဲ့အလောင်း၊ ကားတိုက်ခံရတဲ့အလောင်း၊ အို အလောင်းတွေကို စုံနေတာပဲ။ လူသေထားတဲ့ အခန်းဆိုတော့ ထုံးစံအတိုင်း ညှိစို့စို့ ပုပ်အဲ့အဲ့ အနှံ့ထွက်နေတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ ကိုယ်စီကိုယ်င လက်ကိုင်ပုဝါလေးတွေနဲ့ နှာခေါင်းကို အုပ်လို့ပေါ့။ ဘယ်လိုဖြစ်တယ်မသိဘူး။ ကျွန်တော်က အဲ့ဒီလူသေအနှံ့ကို လွှတ်သဘောကျမိတယ်။ တရှူးရှူးနဲ့ အားရပါးရ ရှူရှိုက်နေသေးတယ်။ “ဟေ့ကောင် မင်းရှူးနေလား”ဆိုပြီး သူငယ်ချင်းတွေက အံ့ဩတကြီး ငေးကြည့်နေကြတယ်။ ရူးတယ်ပဲဆိုဆို ကျွန်တော် ဆရာဝန်ဖြစ်ပြီး ဘွဲ့လွန်တတ်တော့ ဘူသေတွေနဲ့ နပန်းလုံးရတဲ့ မှုခင်းဆိုင်ရာ ဆေးပညာကို ရွေးချယ်သင်ယူခဲ့တယ်။
တိုတိုပြောရရင် မှုခင်းဆရာဝန် ဒေါက်တာသက်နောင် ဖြစ်လာတယ် ဆိုပါစို။ ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ဒေါက်တာ ဘခက် တဲ့။ ကျွန်တော့်လိုပဲ မှုခင်းဆရာဝန်တစ်ယောက်ပေါ့။ လူသေတွေ ခွဲစိပ်ဓါးနဲ့လှီးတဲ့ ၊ ဖြတ်တဲ့နေရာမှာ ကျွမ်းကျင်လွန်းလို့ ဓားဘခက်လို့လည်းခေါ်တယ်။ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ တစ်ဌာနတည်း အတူတူလုပ်လာကြတော့ တစ်ယောက်နဲ့တစ်ယောက် ညီရင်းအစ်ကိုလို ရင်းနှီးလာတယ်။
တကယ်တော့ ဘခက်က လူတော်တစ်ယောက်ပါ။ မှုခင်းဌာနမှာ ခက်ခဲတဲ့ အမှုပေါင်းများစွာကို ကျွမ်းကျွမ်းကျင်ကျင် သူဖော်ထုတ်နိုင်ခဲ့တယ်။ နောက် လုပ်ငန်းထဲမှာ ကျွန်တော့်ထက်ပိုပြီး စိတ်ရောကိုယ်ပါ နစ်မြှပ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက တစ်ကိုယ်တည်း လူပျိုကြီးကိုဗျ။ တစ်ကောင်ကြွက်ဆိုတော့ အိမ်ထောင့်တာဝန်ကင်းတယ်လေ။ ကျွန်တော့်မှာတော့ ကလေးသုံးယောက် ကျောင်းစရိတ်ကို မနည်းရှာနေရတယ်။ ဒါတောင် မိန်းမက ဈေးမှာ အထည်ဆိုင်ဖွင့်ထားလို့ တော်သေးတယ်။
တစ်နေ့တော့ ဘခက်က သူ့အိမ်ကို ညစာထမင်းလာစားဖို့ ဖိတ်တယ်။ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ မိန်းမကို မခေါ်ခဲ့ပါနဲ့လို့လည်း ကြိုပြောထားသေးတယ်။ ခါတိုင်း အလုပ်အားတဲ့ စနေ၊ တနင်္ဂနွေနေ့မျိုးတွေဆို စားသောက်ဆိုင်တစ်ခုခုမှာ သွားစားနေကျ။ အခုမှ ထူးထူးဆန်းဆန်း အိမ်ကိုဖိတ်တယ်ဆိုတော့ ကျွန်တော်အံ့သြသွားတယ်။ ဘာပဲဖြစ်ဖြစ် အရက်လေး အလကားသောက်ရမယ်။ အဝအပြဲလည်း စားရမယ်ဆိုတော့ ကျွန်တော်အားတတ်နေတယ်။ ရေမိုးချိုး အဝတ်အစားလဲပြီး စောစောလေးထွက်လာခဲ့တယ်။ ကျွန်တော်ရောက်သွားတော့ ကိုယ်တော်ချောက တယ်ဝိရိယကောင်းဗျာ။ စားပွဲ သောက်ပွဲက အပြီးသတ် ပြင်ဆင်ပြီးနေပြီ။ အရက်ကလည်း စကော့(ချ)ဝီစကီအကောင်းစားဗျ။ ဟင်းတွေကလည်း အစုံပဲဗျာ။
“အဲဒါတွေ ခင်ဗျားကိုယ်တိုင်ချက်တာလား”
“ဟုတ်တယ်လေဗျာ။ ဘာလဲ ခင်ဗျားမယုံဘူးလား?။ ကျွန်တော် အချက်အပြုတ်သင်တန်းတွေ အများကြီး ရထားတယ်ဆိုတာ ခင်ဗျား မေ့နေပြီထင်တယ်”
ဟုတ်တယ်ဗျ။ သူကအချက်အပြုတ် သိပ်ဝါသနာပါတာ။ အားရင် ဟိုသင်တန်း ဒီသင်တန်း လျှောက်တတ်ပြီး အချက်အပြုတ် သင်တော့တာပဲ။ မှုခင်းဆရာဝန်တစ်ယောက်က အချက်အပြုတ် ဝါသနာပါတယ်ဆိုတာ ကျွန်တော့်အတွက်တော့ ထူးထွေတည့် အံ့ရာသောပေါ့ဗျာ။ ကျွန်တော်ကတော့ ကိုယ်တိုင်ချက်ပြုတ်ရတာထက် သူများချက်ပြုတ်ထားတာ စားတာဝါသနာပါတယ်။
“ဒါက အသားလုံးကြော်။ ဒါက အသားစိမ်း ဆူရှီ။ ဒါက ငါးမန်းတောင်ဟင်းချို။ ခင်ဗျား အရက်နဲ့မြည်းရအောင် ကျွန်တော်ကိုယ်တိုင် စီမံထားတာ။
“မွှေးလို့ ကြိုင်လို့ပါလား။ တော်တော်စားကောင်းမယ့် ပုံပဲဗျို့”
ကျွန်တော်က အရက်ခွက်ထဲ အရက်ငှဲ့ထည့်လိုက်ပြီး ရေခဲတုံးလေးတွေ ညှပ်နဲ့ယူထည့်လိုက်တယ်။ အေးလာတဲ့အချိန် တစ်ကျိုက် မြုံ့နေလိုက်တယ်။ တော်တော်ကောင်းတဲ့ အရက်ဗျာ။ အရက်ဆိုတာ အဖိုးတန်မှ အမျိုးမှန်တာကွဆိုတဲ့ ဆရာသမားတစ်ယောက်ရဲ့ စကားကို ပြန်ကြားယောင်နေမိတယ်။ အသားလုံးကြော်ကို ကိုက်ဝါးလိုက်တော့ ဆွေမျိုး မေ့လောက်တယ်ဗျာ။ ဒီလူ ကိုဘခက် အရသာရှိအောင် တော်တော်ကြော်တတ်တယ်။ နောက် အသားဆူရှီလေးကို တူလေးနဲ့ယူပြီး မြည်းကြည့်လိုက်တော့ နူးနူးညံ့ညံ့ မြိုးမြိုးမြက်မြက် ရှိလှသဗျာ။ ကိုဘခက်က သူကိုယ်တိုင်လည်း အရက်သောက်လိုက် အမြည်းစားလိုက် လုပ်နေတယ်။
စားရင်းသောက်ရင်းနဲ့ အရက်ကလေး နည်းနည်းထွေလာတော့ ကျွန်တော်က -
“ကဲ . . ပြောစရာရှိတယ်ဆို၊ ဘာပြောမှာလဲ ပြောလေ”
“ပြောမှာပေါ့ဗျာ။ ပြောချင်လွန်းလို့ ခေါ်လိုက်တာဗျ။ ဒါပေမယ့် စားကောင်းသောက်ဖွယ်လေးတွေ စားရင်းသောက်ရင်း အေးအေးဆေးဆေး ပြောကြတာပေါ့” ဆိုပြီး ဆူရှီတစ်ဖက်ကို ကောက်ဝါးနေတယ်။
“ဒီအသားစိမ်းဆူရှီက ငါးနဲ့လုပ်ထားတာ မဟုတ်ဘူး။ ငါးထက်ပိုအရသာ ရှိပါလား။ ဘာအသားနဲ့ လုပ်ထားတာလဲ”
“ခင်ဗျား လျှာက တော်တော်အရသာခံတတ်ပါလား။ ဘာအသားနဲ့ လုပ်ထားတာလဲလို့ မပြောခင် ခင်ဗျားကို မေးခွန်းတစ်ခုလောက် မေးပါရစေ။ လောကမှာ လျှာအရသာခံတတ်ဆုံး သတ္တဝါက ဘယ်သတ္တဝါလဲဗျာ”
မဆိုင်းမတွ ကျွန်တော်က -
“ဘယ်သတ္တဝါရှိရမလဲ။ လူပေါ့ဗျ။ လူက စားကောင်းတာမှန်သမျှ ချိုချဉ်စပ်ငန်ဖန်ခါး အကုန်စားတယ်။ အသားဆိုရင် ပုရစ်ကနေ ဝေလငါးအထိစားတယ်။ အသီးအရွက်ဆိုလည်း အစိမ်းတစ်မျိုး၊ အကျက်တစ်ဖုံ စားလို့ရတာ အကုန်စားတယ်။ နောက် စားတာကိုတောင် အနုပညာမြောက်အောင် စားတတ်တယ်။ တခြားသတ္တဝါတွေက နှုတ်သီးနဲ့ ကော်စား၊ ထိုးစားတယ်။ လူက လက်နဲ့တင်မကဘူး။ ဇွန်း၊ ခက်ရင်းတွေ၊ တူတွေနဲ့ စားတတ်တယ်။ တခြားသတ္တဝါတွေက သဲတလူးလူး ဖုန်အလိမ်းလိမ်းနဲ့ အစိမ်းစားကြတယ်။ လူကတော့ ကိုယ်စားရမယ့်အရာကို သေချာဆေးကြောသန့်စင်ပြီး ချက်ပြုတ် ကြော်လှော် စားကြတယ်။ သတ္တဝါတွေအတွက် ကိုယ်စားမယ့်အစာက လှစရာမလိုဘူး။ ဗိုက်ဝဖို့ပဲလိုတယ်။ လူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး။ ဗိုက်ဝအောင်စားတာချင်းတူပေမယ့် စားစရာတွေကို စားချင်သဖွယ်ဖြစ်အောင် လှတပတ ပြင်ဆင်တတ်ကြသေးတယ်။ ဒီတော့ သတ္တဝါတွေထဲမှာ လူသာလျှင် အရသာ အခံတတ်ဆုံးပဲဗျာ”
စကားဆုံးသည်နှင့် ကျွန်တော်က ငါးမန်းတောင်ဟင်းချိုကို ခပ်သောက်လိုက်သည်။ အဲဒီနောက် အရက်တစ်ခွက်ကို ထပ်မော့လိုက်ပြန်သည်။ အသားဆူရှီကို ပလုတ်ပလောင်းစားပြီးနောက် ဒေါက်တာ ဘခက်က-
“ယူအာရိုက်၊ ခင်ဗျားပြောတာ မှန်ပါတယ်။ ကမ္ဘာပေါ်မှာ သတ္တဝါအမျိုးမျိုးရှိကြတယ်။ တချို့က အသားကို စားကြတယ်။ Carnivore လို့ခေါ်တယ်။ ဥပမာ ကျား၊ ခြင်္သေ့ တို့လိုဟာမျိုးတွေပေါ့။ တချို့က အပင်နဲ့ အပင်ထွက်ပစ္စည်း အသီးအနှံတွေကိုသာ စားကြတယ်။ Herbivore လို့ ခေါ်တယ်။ ဥပမာ နွား၊ မြင်း တို့လို့ ဟာမျိုးတွေပေါ့။ တချို့က အသားရော အသီးအနှံပါ အစုံစားကြတယ်။ Omnivore လို့ခေါ်တယ်။ ဥပမာ လူ၊ ခွေး၊ ငှက် စတဲ့ သတ္တဝါမျိုးတွေပေါ့။ အသားစားသတ္တဝါဖြစ်ကြတဲ့ ကျား ခြင်္သေ့တို့ကို အသီးအနှံပြောင်းစားဖို့ ဘုရားသခင်က မတတ်နိုင်ဘူး။ အလားတူပဲ။ မြက်နဲ့ပဲစားတဲ့ နွားတွေ မြင်းတွေကို အသားပြောင်းစားအောင် ဘယ်မိုးနတ်မင်းကမှ မလုပ်ပေးနိုင်ဘူး။ ဆိုလိုတာက အသားနဲ့ အသီးအနှံစားတဲ့ သတ္တဝါတွေ ကိုယ်စားရမယ့်အစာ ရှားပါးလာရင် ရည်ရှည်ရပ်တည်ဖို့ မလွယ်ဘူး။ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်လာရတယ်။ ကမ္ဘာပေါ်မှာ ဒိုင်နိုင်ဆောသတ္တဝါတွေ မျိုးသုဉ်းပျောက်ကွယ်သွားခြင်းက သူတို့စားရမယ့် အစာတွေ ရှာမရတော့တဲ့အတွက်ကြောင့်လို့ သိပ္ပံပညာရှင်တွေက ပြောကြတယ်။ အဲ့ အစုံစားသတ္တဝါတွေ အများကြီးရှိတဲ့အထဲမှာ ကံအကောင်းဆုံးကတော့ ခင်ဗျားတို့ ၊ ကျွန်တော်တို့ လူတွေပါပဲ”
သူက အသားလုံးကြော်ကို ကောက်စားလိုက်တယ်။ ပြီးမှ အရက်တစ်ကျိုက် မော့သောက်လိုက်တယ်၊ အဲ့ဒီနောက် စကားဆက်ပြန်တယ်။
“အစုံစားတာချင်းအတူတူ ခွေး၊ ကြောင် စတဲ့ သတ္တဝါတွေက အစားအသောက်ကို ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဖြစ်သလို စားကြရတယ်။ လူကတော့ ဒီကနေ့ ဘာဟင်းစားရမလဲဆိုတဲ့ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ နောက် ခွေးတွေ ကြောင်တွေက ဟင်းမချက်တတ်ဘူး။ မီးကိုအသုံးပြုတတ်တဲ့လူတွေကတော့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကြော်လှော်နိုင်တယ်။ လူတွေ ဉာဏ်ရှိတိုင်း ချက်ပြုတ်စားသောက်လိုက်တာ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါပေါင်းများစွာဟာ လူတွေရဲ့ ဟင်းလျာစားရင်းဝင် ဖြစ်သွားတော့တယ်။ နောက် စားသောက်ဆိုင်တွေ အလျှိုလျှိုပေါ်လာတယ်။ အသား ငါး အသီးအရွက်ရောင်းတဲ့ ဈေးကွက်တွေ မှိုလိုပေါက်လာတယ်”
ကျွန်တော် အသားဆူရှီကို ယူစားလိုက်တယ်။ အရက်ကို မြှုံ့လိုက်ပြီးမှ
“ဟုတ်တယ်ဗျ။ လူတွေအရမ်းကာရော ပစ်ခက်ဖမ်းဆီးမှုကြောင့် တချို့သတ္တဝါတွေဆို မျိုးသုဉ်းတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ဝေလငါးကြီးတွေဆို သူ့ရဲ့အသားကို စားဖို့နဲ့ သူ့ရဲ့အဆီကို ငါးကြီးဆီထုတ်ရောင်းဖို့အတွက် မညှာမတာပစ်ခတ်သတ်ဖြတ်တာကို ခံနေရတယ်။ မကြာမီ ဒီငါးကြီးတွေ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားနိုင်တယ်ဗျ။ ဘယ်နိုင်ငံကြီးတွေကမှ ဒီ ငါးဖမ်းမုဆိုးတွေကို အရေးယူ အပြစ်ပေးတာ မလုပ်နိုင်သေးဘူး။
ကိုဘခက်က ငါးမန်းတောင်ဟင်းချိုကို တရှူးရှူးသောက်နေသည်။ ပြီးမှ-
“Shark Fin Soup ခေါ်တဲ့ ဒီငါးမန်းတောင်ဟင်းချိုကို လူတွေတမြတ်တနိုးသောက်လာတာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ကျွန်တော်လေ့လာသိရှိခဲ့တယ်။ ငါးမန်းတောင် ဟင်းချိုတစ်ခွက်ကို ဒေါ်လာတစ်ရာလောက်ပေးရပေမယ့် လူတွေ ပက်ပက်စက်စက်သောက်နေကြတုန်းပဲ။ ဘာဖြစ်သလဲဆိုတော့ လူတွေ ငါးမန်းတောင်ဟင်းချိုသောက်ဖို့ရေးအတွက် တံငါတွေ နှစ်စဉ် ငါးမန်းကောင်ရေ ၇၃ သန်း သတ်နေရတယ်။ မျိုးသုဉ်းဖို့ ချိန်းခြောက်ခံနေရတဲ့ သတ္တဝါမျိုးစိတ်တွေအပေါ် နိုင်ငံတကာ ရောင်းဝယ်ဖောက်ကားမှုအတွက် အစည်းအဝေး Convention on International Trade in Indangered Species (CITES) ကို ကာတာနိုင်ငံမှာ ကျင်းပခဲ့တာ ခင်ဗျားမှတ်မိမှာပေါ့။ ငါးမန်းမျိုးစိတ် ခြောက်မျိုးကို ဖမ်းဆီးပြီး အရောင်းအဝယ်မလုပ်ဖို့ ပိတ်ပင်တားဆီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဆူရှီလုပ်တဲ့ Tuna ကျူနာငါးတွေ မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ဖမ်းဆီးရောင်းဝယ်နေတာကို ပိတ်ပင်ဖို့ အဆိုတင်သွင်းတော့ မအောင်မြင်ခဲ့ဘူး။
“ဘာ့ကြောင့်လဲဗျာ”
“ဂျပန်နိုင်ငံက ကန့်ကွက်လို့ပေါ့ဗျာ။ ခင်ဗျားလည်းသိတဲ့အတိုင်း ဆူရှီက သူတို့ရိုးရာအစားအစာဗျ။ ကျူနာငါးတွေကို အများဆုံးဖမ်းနေတာ ဂျပန်တံငါတွေပဲ။ ကျူနာငါးတွေကို အများဆုံးအရောင်းအဝယ်လုပ်တာလည်း ဂျပန်ကုန်သည်တွေပဲ။ ဂျပန်က သူတို့စီးပွားရေးကို အထိအခိုက် မခံနိုင်ဘူးပေါ့။ ဂျပန်လို ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံရဲ့ အလိုကို ကျန်တဲ့နိုင်ငံတွေက မလွန်ဆန်နိုင်ဘူး။ ဒါနဲ့ ကျူနာငါးတွေ ဖမ်းဆီးမှုကို ပိတ်ပင်တဲ့အဆို အရေးနှိမ့်သွားခဲ့တယ်။
“ဒါဆို နောက်ပိုင်းကာလတွေမှာ ကျူနာငါးတွေ ကမ္ဘာပေါ်မှာတင်မကပဲ စားသောက်ဆို မီနူး(menus) တွေပေါ်မှာပါ ပျောက်ကွယ်မယ့် အလားအလာရှိနေပြီပေါ့”
“သေချာတာပေါ့ဗျာ”
ကိုဘခက်က အရက်ကိုဇိမ်ခံသောက်နေပြန်တယ်။ ပြီးမှ -
“ကမ္ဘာဦးအစ လူတွေလက်နက်ကို အသုံးပြုလာတတ်ခြင်းဟာ ကျန်တဲ့သတ္တဝါတွေ ဒုက္ခရောက်စေဖို့ အစပြုတာပဲ။ ကမ္ဘာဦးအစကတည်းက မုဆိုးလုပ်ခဲ့တဲ့အကျင့်က အခုထိမပျောက်ဘူး။ လက်နက်အားကိုးနဲ့ သတ္တဝါတွေကို သတ်ဖြတ်နေတုန်းပဲ။ ဝေလငါးကြီးတွေကို သတ်တာဖြတ်တာ တီဗွီမှာ ကြည့်ရတိုင်း အတော်စိတ်မကောင်းဖြစ်မိတယ်”
“ဒီမှာ ကိုဘခက်၊ လူဆိုတာ ကိုယ်ကောင်းစားဖို့ဆိုရင် အချင်းချင်းတောင် သတ်တယ်ဗျ။ ဝေလငါးတွေ၊ ငါးမန်းတွေ၊ ကျူနာငါးတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ်။ မနက်ဖြန် ဖြစ်မှာကို လာမပြောနဲ့။ ဒီကနေ့ ရပေါက်ရလမ်းကောင်းရင် မနက်ဖြန် ငရဲသွားရ သွားရ ဘာမဆိုလုပ်တယ်”
ခေါင်းတညိတ်ညိတ်လုပ်နေရင် ကိုဘခက်က -
“လူဆိုတာ ဗီဇကိုမဖျောက်နိုင်ဘူးဗျ။ မီးကိုလူတွေ အသုံးမချခင်တုန်းက အသားစိမ်း၊ ငါးစိမ်းစားတယ်။ မီးကို အသုံးချလာနိုင်တော့ ချက်ပြုတ်စားကြတယ်။ ဒါပေမယ့် အသားစိမ်း ငါးစိမ်းစားတဲ့ဗီဇက အငုတ်ကျန်နေသေးတယ်။ ဆူရှီကိုပဲကြည့်ဗျာ။ ဆူရှီဆိုတာ ငါးအစိမ်းကို ထမင်းနဲ့နယ်ပြီး ငါးထမင်းဆုပ် လုပ်ထားတာကို ခေါ်တာမဟုတ်လား။ အခုတော့ ငါးအစိမ်းသက်သက်ကို စားနေကြတယ်။ ဆူရှီယဉ်ကျေးမှုက ပထမ ဂျပန်ကစတယ်။ အခုတော့ တစ်ကမ္ဘာလုံး ပျံ့နှံ့နေပြီ။ အခု ခင်းဗျားတို့ ကျွန်တော်တို့ ဆူရှီကြိုက်လာတာပဲကြည့်ဗျာ”
သူပြောသဖြင့် ဆူရှီစားချင်စိတ် ပေါ်လာတယ်။ တူနှစ်ချောင်းနဲ့ အသားတစ်ဖက်ကို ကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
ပြီးမှ ကျွန်တော်က -
“တကယ်တော့ စားတဲ့လူတွေရှိလို့ ရောင်းတဲ့လူတွေရှိတယ်။ ရောင်းဝယ်တဲ့လူတွေရှိလို့ ဖမ်းဆီးသတ်ဖြတ်တဲ့လူတွေရှိတယ်။ ဂျာအေးသူ့အမေရိုက်သလို လုံးလည်လိုက်နေတာပေါ့။ တကယ်လို့သာ လူတွေအားလုံး ပါးစပ်အလိုကိုမလိုက်ပဲ ဆူရှီကိုမစားခဲ့ရင် ကျူနာငါးတွေ မျိုးတုံးမှုအန္တရာယ်က ကင်းဝေးမှာပေါ့ဗျာ”
ကိုဘခက်က တစ်ချက်ရယ်ပြီး
“လူတွေ မနက်ဖြန်ဖြစ်မှာကို ဒီနေ့မစဉ်းစားဘူးလို့ ခင်ဗျားပြောခဲ့တယ်မလား။ ကျူနာငါးမျိုးသုဉ်းရင် နောက်မျိုးဆက်သစ်လူတွေ ဆူရှီမစားနဲ့ပေါ့ဗျာ။ စားခွင့်ကြုံတုန်းတော့ စားမယ့်သူတွေချည်းပဲ။ အခု ခင်ဗျားတို့ ကျွန်တော်တို့ပဲကြည့်ဗျာ”
ကျွန်တော်က သဘောက ရောယောင်ရယ်လိုက်မိတယ်။ ပြီးမှ -
“ခင်ဗျားပြောမယ်ဆိုတာဘာလဲ။ ပြောတော့လေဗျာ”
သူက ခေါင်းညိတ်လိုက်ပြီး
“အိုကေ။ မနက်ဖြန် ကျွန်တော် လူ့ဘဝကို စွန့်လွှတ်တော့မယ်။ အဲ့ဒါပြောချင်လို့ ခင်ဗျားကို ညစာစားဖို့ ဖိတ်လိုက်တာ”
“လူ့ဘဝကို စွန့်လွှတ်တော့မယ်ဆိုတော့ ခင်ဗျားသေတော့မယ်ပေါ့။ ဟုတ်လား ။ မကြံကောင်း မစည်ရာဗျာ။ ဘာတွေ စိတ်ညစ်စရာရှိလို့လဲ”
သူက ရယ်နေတယ်။ ပြီးမှ -
“ဘာမှ စိတ်မညစ်ပါဘူးဗျာ။ တကယ်တော့ ကျွန်တော်က ခင်ဗျားထင်သလို လူသားစစ်စစ်တစ်ယောက်မဟုတ်ဘူး။ လူခန္ဓာကိုယ်ထဲဝင်နေတဲ့ ဂြိုလ်သားတစ်ယောက်ပဲ”
“ခင်ဗျား ဂြိုလ်သားတစ်ယောက်။ ဟုတ်လား ။ ရယ်စရာပြောနေတာလားဗျာ”
“တကယ်အတည်ပြောတာပါ။ ကျွန်တော်က ခရမ်းရောင်ဂြိုလ်သားတစ်ယောက်ပါ။ ကျွန်တော်တို့ ခရမ်းရောင်ဂြိုလ်ဟာ ဒီကမ္ဘာနဲ့ အလင်းနှစ် သန်းပေါင်းများစွာ ဝေးတယ်။ တစ်နေ့ ကျွန်တော်တို့ဂြိုလ်မှာ ပြဿနာတတ်လာတယ်။ တခြားမဟုတ်ဘူး။ ဂြိုလ်သားဦးရေ များလာပြီး စားနပ်ရိက္ခာ မလုံမလောက်ဖြစ်လာတာပဲ။ အခု ခင်ဗျားတို့ကမ္ဘာမှာ ကြုံနေရတဲ့ ပြဿနာလိုမျိုးပေါ့။ ဒါနဲ့ ကျွန်တော်တို့ ဂြိုလ်သားတွေ စားနပ်ရိက္ခာရှာဖို့ စကြာဝဠာထဲ ခရီးဆန့်ရတယ်။ ကံအားလျော်စွာ ကျွန်တော်က ချစ်စရာကောင်းတဲ့ ခင်ဗျားတို့ ကမ္ဘာကို ရောက်ခဲ့တယ်”
“ဘယ်လိုလုပ် မှုခင်းဆရာဝန် ဘခက်ဖြစ်သွားတာလဲ”
“ကျွန်တော် ကမ္ဘာကိုရောက်တော့ လူသားတစ်ယောက်အသွင် ယူမှဖြစ်တော့မယ်ဆို သိလိုက်တယ်။ အဲ့ဒီအချိန်မှာ ဓါးဘခက်ကို တွေ့တာပဲ။ ဆေးရုံကထွက်လာချိန်မှာ သူက ဒယိမ်းဒယိုင်ဖြစ်နေတယ်။ မကြာခင်အချိန်ပိုင်းမှာ သူဟာ သွေးတိုးရောဂါနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး သေတော့မယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။
“ခင်ဗျား ယုံတမ်းစကားပြောနေတာလား ကိုဘခက်”
“မဟုတ်ပါဘူးဗျာ။ နှစ်အတန်ကြာ ဓါးဘခက်အမည်နဲ့ လူတွေကို ခွဲစိတ်လေ့လာခဲ့တယ်။ နောက် လူတွေရဲ့ အစားအစာတွေနဲ့ ချက်နည်း၊ ပြုတ်နည်းတွေကို သင်ယူခဲ့တယ်။ ဒီချကနည်းပြုတ်နည်းတွေက ခရမ်းရောင်ဂြိုလ်မှာ ပြန်အသုံးချနိုင်တယ်လေ။ ခင်ဗျားပြောသလိုပဲ ဒီကမ္ဘာကြီးမှာ အကောင်းတကာ့ အကောင်းတွေကို ရွေးချယ်စားသောက်နိုင်တာ လူဆိုတာ ကျွန်တော်တွေ့ရတယ်။ ဒီလို အညွန့်အဖူးတွေကို စားသောက်နေတဲ့ လူ့အသားဟာ တော်တော်စားကောင်းလောက်တယ်ဆိုတဲ့ အတွေး ကျွန်တော့်မှာဝင်လာတယ်။ ဒါနဲ့ ကျွန်တော်ဟာ ခွဲစိတ်ခန်းထဲက လောလောလတ်လတ်သေတဲ့ လူတွေရဲ့ အသားကိုလှီးပြီး ချက်ပြုတ်ကြော်လှော်စားကြည့်တယ်။ ကျွန်တော်ထင်သလိုပဲ လူသားက တော်တော် အရသာရှိတယ်။ အထူးသဖြင့် လူသားအစိမ်းကို ရှလကာရည်စိမ်ထားတဲ့ လူသားဆူရှီက အကောင်းဆုံးပဲ။ တစ်ပြိုင်နက်မှာပဲ လူဦးရေ သန်းပေါင်းများစွာရှိတဲ့ ဒီကမ္ဘာကြီးဟာ ငါတို့ ခရမ်းရောင်ဂြိုလ်အတွအက် ရိက္ခာအိုးကြီးတစ်ခုပါလားဆိုတာ သဘောပေါက်လာတယ်။ လူ့အသား ဘယ်လောက်စားကောင်းသလဲဆိုတာ ခင်ဗျားလက်တွေ့သိပြီ မဟုတ်လား။ အခု ခင်ဗျားစားခဲ့တဲ့ အသားလုံးကြော်နဲ့ အသားစိမ်း ဆူရှီက ဟိုတစ်နေ့က မော်တော်ဆိုင်ကယ်မှောက်ပြီး သေသွားတဲ့ ကောင်မလေးရဲ့ ပေါင်သားနဲ့ လုပ်ထားတာဗျ။ ဘယ့်နှယ်လဲ၊ စားလို့ ခံတွင်းတွေ့တယ် မဟုတ်လား”
“ထွီ-ဝေါ့”
ကျွန်တော်က ကြွေအင်တုံဆီပြေးပြီး လက်ထိုးအန်ချလိုက်တယ်။ အန်လို့ အားရခါမှ ထမင်းစားပွဲမှာ ပြန်ထိုင်လိုက်တယ်။
“ဟေ့လူ ကိုဘခက်။ ခင်ဗျားနောက်နေတာမဟုတ်လား”
“ဒီမှာ ဒေါက်တာ။ ဒီကိစ္စမျိုး ကျွန်တော် မနောက်ပါဘူး။ မနက်ဖြန် ကျွန်တော် ခရမ်းရောင်ဂြိုဟ်ကို ပြန်တော့မယ်။ ဒါပေမယ့် ကျွန်တော်နဲ့အတူ မပုပ်မသိုးအောင် စီရင်ထားတဲ့ လူသေအလောင်း တော်တော်များများ သယ်သွားမယ်။ ဟိုကိုရောက်ရင် လူသားဆူရှီအပါအဝင် အကြော်အလှော်မျိုးစုံလုပ်ပြီး ဂြိုဟ်အကြီးအကဲတွေကို ကျွေးရမယ်။ လူသားကို သူတို့ကြိုက်မှာ သေချာပါတယ်”
“ဒါဆို နောက်တစ်ခါ ခရမ်းရောင်ဂြိုဟ်သားတွေ ကမ္ဘာကို အလုံးအရင်းနဲ့လာပြီး လူတွေကို အမဲလိုက်တော့မယ်လို့ ခင်ဗျားဆိုလိုတာလား”
သူကခေါင်းညိတ်လိုက်ပြီး-
ဒီကမ္ဘာကြီးကို ကျွန်တော်တို့ သိမ်းပိုက်မှာဖြစ်ပါတယ်။ ဒါဟာ အလွန်လွယ်ကူတဲ့အလုပ်ပါ”
“ခင်ဗျားပြောသလို လွယ်ပါ့မလားဗျာ။ ကျွန်တော်တို့ကမ္ဘာမှာ နူးကလီးယားလက်နက်တွေ ရှိတယ်လေဗျာ”
ကိုဘခက် တစ်ချက်ရယ်လိုက်ပြီး -
“အဲ့ဒီ နူးကလီးယားလက်နက်တွေက ကျွန်တော်တို့ ဂြိုဟ်သားတွေအတွက် အသေးအဖွဲပါ။ ကျွန်တော်တို့ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိပါဘူး”
ကျွန်တော် ကမ္ဘာကြီးအတွက် အတော်စိတ်ပျက်အားငယ်သွားတယ်။ အရက်တစ်ကျိုက်သောက်ပြီးနောက် ကိုဘခက် စကားဆက်ပြန်တယ်။
“ခင်ဗျားတို့လူတွေက ယဉ်ကျေးလာပြီဆိုပေမယ့် ပေမီဒေါက်မီ မယဉ်ကျေးသေးဘူးဗျ။ သတ္တဝါတွေအပေါ် လက်နက်အားကိုနဲ့ မျိုးသုဉ်းတဲ့အထိ သတ်ဖြတ်ကြတုန်းရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂြိုဟ်သားတွေမှာ စာနာစိတ်ရှိတယ်။ ဝေလငါးတွေ ၊ ငါးမန်းတွေ ၊ ကျူနာငါးတွေကို လူတွေမျိုးသုဉ်းအောင် လုပ်သလိုမျိုး ရက်ရက်စက်စက် မလုပ်ပါဘူး။ ကျွန်တော်တို့ ဂြိုဟ်သားတွေမှာ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုး ဆိုပြီး ခွဲခြားနိုင်တဲ့ အာရုံရှိပါတယ်။ အကျဉ်ထောင်ထဲ ရောက်နေတဲ့လူတိုင်း လူဆိုးတွေမဟုတ်သလို အပြင်မှာ လမ်းသလားနေတိုင်း လူကောင်းတွေ မဟုတ်ကြဘူး။ ဒီတော့ လူ့လောကကို အကျိူးမပြုတဲ့ လူသတ်၊ လူခိုး၊ မုဒိမ်းကောင် အစရှိတဲ့ လူဆိုးတွေကို အရင်စားပါ့မယ်။ အဲ ကိုယ်ဝန်ဆောင်မိန်းမတွေနဲ့ ကလေးတွေကိုတော့ ချမ်းသာပေးရမှာပေါ့လေ။ ဒါမှာ ကျွန်တော်တို့ မျိုးဆက်သစ်တွေ လူသားရဲ့အရသာကို ရေရှည်ခံစားနိုင်မယ် မဟုတ်လား”
စိတ်မသက်မသာနှင့် ခေါင်းယမ်းလိုက်ပြီး ကျွန်တော်က-
“တကယ်ပဲ ခင်ဗျားက ခရမ်းရောင်ဂြိုဟ်သားတစ်ယောက် ဟုတ်တယ်ဆိုပါစို့။ မသိအောင်လာပြီး မသိအောင်ပြန်သွားလို့ ရရက်သားနဲ့ ဘာ့ကြောင့် ကျွန်တော့်ကို အလုံးစုံဖွင့်ပြောပြီး အသိပေးရတာလဲ”
သူက ရယ်လိုက်ပြီး-
“ကျွန်တော်တို့ ဂြိုဟ်သားတွေက ခိုးကြောင်ခိုးဝှက် လုပ်ရတာ လိပ်ပြာမလုံဘူးဗျ။ မနက်ဖြန် ခရမ်းရောင်ဂြိုဟ်ကို ကျွန်တော်ပြန်ရတော့မယ်။ မပြန်ခင် လူတွေ မကြာခင်ကာလမှာ ကျူနာငါးတွေလို ဆူရှီအလုပ်ခံရတော့မယ့်အကြောင်း တစ်စုံတစ်ယောက်ကို အသိပေးချင်နေမိတယ်။ ဒီမှာ ကျွန်တော်နဲ့ အရင်းနှီးဆုံးက ခင်ဗျားမဟုတ်လား။ ဒီတော့ ခင်ဗျားကိုပဲ အသိပေးရတာပေါ့”
“ဒါဆို ခင်ဗျားဟာ ဂြိုဟ်သားတစ်ယောက် ဖြစ်တဲ့အကြောင်း ကျွန်တော့်ကို သက်သေပြဗျာ။ ခင်ဗျားရဲ့ နဂိုဂြိုဟ်သားအသွင်ကို ကျွန်တော်မြင်ဖူးချင်တယ်။
သူက ခေါင်းယမ်းပြီး -
“ကျွန်တော်တို့ ခရမ်းရောင်ဂြိုဟ်သားတွေက ထွက်တဲ့အလင်းရောင်က အလွန်စူးရှတယ်။ ခင်ဗျားတို့လူသားတွေရဲ့ မျက်စိကို ကန်းသွားစေနိုင်တယ်။ ဒီတော့ ခင်ဗျား မကြည့်ချင်ပါနဲ့တော့ ။ ဒါပေမဲ့ ခင်ဗျားအတွက် စကြဝဠာထဲကနေ ပြောလို့ရတဲ့ လက်ကိုင်ဖုန်းလေးတစ်လုံး လက်ဆောင်ပေးခဲ့မယ်။ ဆိုနီလည်းမဟုတ်ဘူး။ နိုကီယာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ခရမ်းရောင်ဂြိုဟ်လုပ်ပစ္စည်းပါ။ အာကာသထဲကနေ ကျွန်တော် ခင်ဗျားဆီ လှမ်းနှုတ်ဆက်လိုက်ပါ့မယ်”
သူက ကုတ်အင်္ကျီအိတ်ထဲမှ လက်ကိုင်ဖုန်းလေးကို ဖုန်းလေးကိုထုတ်ပြီး ကျွန်တော့်လက်ထဲ ထည့်လိုက်တယ်။ လက်ကိုင်ဖုန်းလေးမှာ တီဗွီစခရင်တစ်ခုအပြင် ထူးထူးဆန်းဆန်း ကျွန်တော်မသိသော ခလုတ်များစွာပါဝင်သည်။
အဲ့ဒီညက စိတ်မသက်မသာနှင့် ကျွန်တော်အိမ်ပြန်ခဲ့တယ်။ သူချက်ပြုတ်ထားတဲ့ စားကောင်းသောက်ဖွယ်တွေကိုလည်း မစားဖြစ်ခဲ့ပါ။ လူရဲ့အသားတွေကို ချက်ပြုတ်ထားတာဖြစ်နေရင် ဒုက္ခမဟုတ်ပါလား။ ဒီလူကိုဘခက် မူးရူးပြီး ပေါက်ကရပြောသည်ဆိုရအောင်လည်း အရက်ကိုပြောလောက်အောင် သူမသောက်ခဲ့။ ချစ်စနိုးဖြင့် ကျွန်တော့်ကို အတည်ပေါက်နောက်ခဲ့ခြင်း ဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်။
နောက်တနေ့မနက် ဆေးရုံကို ကိုဘခက်ရောက်မလာခဲ့ပါ။ သူ့အိမ်ကိုဖုန်းဆက်တော့ ဖုန်းကိုင်ခြင်းမရှိ။ အိမ်ကိုလိုက်သွားတော့ အခန်းတံခါးကို ချက်ချထားတယ်။ ရဲနှင့် ရပ်ကွက်လူကြီးများကို ခေါ်ပြီး တံခါးဖွင့်ကြည့်ရာ အိပ်ရာပေါ်တွင်သေဆုံးနေတဲ့ ဓါးဘခက်ကို တွေ့ရတော့တယ်။ အရက်နံ့ကလည်း တစ်ခန်းလုံး ဟောင်နေတယ်။ သူ့အလောင်းကို စစ်ဆေးကြည့်တော့ သူ့သွေးထဲမှာ သေလောက်သော အယ်လ်ကိုဟော ပမာဏကို တွေ့ရတယ်။ မူးမူးရူးရူးဖြင့် လူ့လောကကို စွန့်ခွာသွားပုံရတယ်။
သူ့အလောင်းကို ခွဲစိတ်ပြီး ကျွန်တော်အဝတ်လဲနေတုန်းမှာ ဖုန်းခေါ်သံတစ်ခုမြည်လာတယ်။ ကျွန်တော့်လက်ကိုင်ဖုန်းသံမဟုတ်။ ကြည့်လိုက်တော့ ကိုဘခက်ပေးခဲ့တဲ့ လက်ကိုင်ဖုန်းမှ အသံမြည်နေတာဖြစ်တယ်။ ကျွန်တော်လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဖုန်းတီဗွီစခရင်ကို ကြည့်လိုက်တော့ လင်းလက်ဖြာဝေနေတဲ့ ခရမ်းရောင်များကို တွေ့ရတယ်။
“ဟဲလို ဘယ်သူလဲ”
“ဟဲလို ကိုသက်နောင်၊ ခင်ဗျား ကျွန်တော့်အလောင်းကို ခွဲပြီးပြီမဟုတ်လား”
ကိုဘခက်ရဲ့ အသံဖြစ်ပါတယ်။
“ဟေ့လူ ကိုဘခက် ၊ အခု ခင်ဗျား ဘယ်မှာလဲ”
“အာကာသထဲမှာလေဗျာ။ ညက ကျွန်တော့်ရဲ့ လူ့ဘဝနောက်ဆုံးနေ့ဆိုတော့ အရက်တွေ တဝကြီးသောက်ပစ်လိုက်တယ်။ ကျွန်တော့်သွေးထဲမှာ အယ်လ်ကိုဟော အများကြီး ခင်ဗျားတွေ့တယ်မဟုတ်လား”
“ဟုတ်တယ်”
“အိုကေ၊ ခင်ဗျားလို လူတစ်ယောက်နဲ့ ရင်းနှီးခဲ့ရတာ ကျွန်တော်သိပ်ဝမ်းသာတယ်။ ဆူရှီအလုပ်ခံရတော့မယ့် ခင်ဗျားတို့ လူသားတွေအတွက်တော့ ကျွန်တော်စိတ်မကောင်းပါဘူးဗျာ။ သွားပြီ ကိုယ့်လူရေ။ ဂွတ်ဘိုင်”
ဖုန်းတီဗွီစခရင်မှ ခရမ်းရောင်များ ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။
[ ရွှေအမြူတေမဂ္ဂဇင်း ၊ ဖေဖော်ဝါရီ၊ ၂၀၁၁ ]