ဂျင်းက မီးဖိုချောင်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။ ဂျင်းက ရောဂါပေါင်းစုံကို ကာကွယ်ပေးတယ်လို့လည်း ဆိုရိုးရှိခဲ့တယ်။ မနက်မှာ ဂျင်းတစ်ဖတ်စားတာဟာ ဂျင်စင်းထက်တောင်စွမ်းတယ်လို့လည်း ပြောကြတယ်။ တစ်နေ့က ကုန်စုံဆိုင်မှာ ကျွန်မပစ္စ္စည်းဝယ်တော့ အဖြူမတစ်ယောက်ဂျင်းတွေဝယ်နေတာတွေ့လို့ ဒါကို ဘယ်လိုစားသလဲလို့ စပ်စုလိုက်မိတယ်။ အနောက်တိုင်းသားတွေက ကျွန်မတို့ အရေှ့တိုင်းသားတွေလောက် ဂျင်းကိုသိပ်မသုံးကြဘူးထင်လို့ ကျွန်မမေးလိုက်မိတာပါ။ သူက ဂျင်းကို မနက်ထလာရင် တစ်ဖတ်စားပေးတယ်လို့ ဆိုတယ်။ အရိုးအဆစ်တွေအတွက်ကောင်းတယ်လို့ ပြောပါတယ်။ ကျွန်မကလည်း ဂျင်းကို အချပ်လိုက်ဖြစ်ဖြစ်၊ အမှုန့်လိုက်ဖြစ်ဖြစ် ပျားရည်နဲ့ရောဖျော်သောက်ပေးရင်လည်း ခန္ဓာကိုယ်အတွက်ကောင်းတယ်လို့ သူ့ကိုပြန်ပြောဖြစ်တယ်။ ဂျင်းကိုငုံပေးခြင်းအားဖြင့် ခံတွင်းကိုသန့်ရှင်းစေတယ်၊ အနံအသက်ကင်းစေတယ်။
ဂျင်းဟာ အပူစာမို့ အမျိုးသမီးတွေအတွက် အထူးသဖြင့် ဓမ္မတာလာချိန်၊ ခန္ဓာကိုယ်အေးစက်တတ်တဲ့သူတွေ၊ ခြေဖျားလက်ဖျားအေးတတ်သူတွေအတွက်ကောင်းတယ်။ ဂျင်းကို ထန်းလျက် ဒါမှမဟုတ် ကြံသကာနဲ့ ကျိုချက်ပြီး သောက်နိုင်သလို အပေါ်ကပြောခဲ့သလို ခြစ်ပြီးပျားရည်နဲ့လည်း သောက်နိုင်ပါတယ်။ ကျွန်မကတော့ ဂျင်းကို အခွံခွာ ငန်ပြာရည်နဲ့ သုံးလေးရက်လောက်စိမ်ပြီး ထမင်းစားတဲ့အခါ တစ်ဖတ်တစ်ဖတ်ယူပြီးစားတတ်တယ်။ ကြိုက်နှစ်သက်ရင် ရှာလကာရည်ပါနည်းနည်းထည့်စိမ်လို့ရပါတယ်။
အခုအချိန်မှာ အဆင်သင့်သောက်လို့ရတဲ့ ဂျင်းမှုန့်တွေကို စျေးကွက်မှာဝယ်ယူလို့ရနေပါပြီ။ ခြေဖျားလက်ဖျားအေးတတ်တဲ့သူတွေအတွက် ခြေထောက်စိမ်လို့ရတဲ့ ဂျင်းမှုန့်တွေလည်းရှိပါတယ်။ ညည အိပ်ရာမဝင်ခင် ရေပူနဲ့ရောပြီး ခြေထောက်ကိုစိမ်ပေးခြင်းအားဖြင့် လူကိုနွေးနွေးထွေးထွေးဖြစ်စေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေတယ်။
ရန်ကုန်က သူငယ်ချင်းတစ်ယောက်ကို အအေးမိရင် ဂျင်းဖျော်ရည်လုပ်သောက်ဖို့ စကားစပ်ရင်းပြောဖြစ်တော့ သူက ညညဆို ဂျင်းရည်သောက်ဖြစ်တဲ့အကြောင်းပြောပါတယ်။ တကယ်ဆို ဂျင်းက မနက်စားရင် ခန္ဓာကိုယ်အတွက် ပိုကောင်းပါတယ်။ နေ့လယ်ကျော်တာနဲ့ စားဖို့မသင့်ဘူးလို့ဆိုကြတယ်။
(ဖတ်မိတာကတော့ လူ့ခန္ဓာကိုယ်မှာ ယင် နဲ့ ယန် ဆိုပြီးရှိတယ်။ မနက်ဆိုရင် ယန် ကအကောင်းဆုံအချိန်၊ နေ့လယ်ရောက်ရင် ယန် ကတဖြည်းဖြည်းလျော့ပြီး ယင် က အားကောင်းလာတယ်။ ဒီလိုအချိန်မျိုးမှာ အပူစာဖြစ်တဲ့ဂျင်းကိုစားရင် အပူပေါ်အပူထပ်လောင်းတာနဲ့တူပြီး အပူကန်တာ၊ အပူကြီးတာတွေဖြစ်တတ်တယ်၊ အဆုတ်ကို ထိခိုက်စေတယ်လို့ဆိုတယ်)။ ဘာပဲဖြစ်ဖြစ် ဓမ္မတာလာချိန်နဲ့ လာပြီးချိန်မှာ ဂျင်းပြုတ်ရည်တွေကို ကျွန်မသောက်တတ်ပါတယ်။ အခုလိုဆောင်းရာသီမှာ ဂျင်းပြုတ်ရည်၊ ဂျင်းဟင်းရည်တွေကို သောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို ပူနွေးစေတယ်၊ သွေးလည်ပတ်မှုကိုကောင်းစေတယ်၊ အအေးမိခြင်းမှ ကာကွယ်ပေးတယ်။ ဂျင်းနဲ့ပတ်သက်ပြီး စားတဲ့အစားအစာထဲမှာ မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ဂျင်းသုပ်က အကောင်းဆုံးဖြစ်တယ်။
。